Sunday, November 13, 2016

ရှန်ဂရီလာ

ရှန်ဂရီလာ မိတ်ဆက်
ရှန်ဂရီလာဆိုတာ တိဗက်ဒေသ၊ ဟိမ၀န္တာတောင်တန်း ခွန်းလွန်းတောင် အနောက်ပိုင်းအဆုံးက ဒေသတစ်နေရာမှာရှိတဲ့ အေးချမ်းသာယာ ပျော်ရွှင်ဖွယ်ရာ ဒဏ္ဍာရီဆန်တဲ့ တောင်ကြားဒေသလေးလို့ ဆိုကြပါတယ်။ အဲဒီနေရာလေးဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရှိ၊ သီးခြားရပ်တည်နေတဲ့ ဆိတ်ငြိမ်းရာအရပ်လေးလည်း ဖြစ်သတဲ့။ သိမ်မွေ့နူးညံ့တဲ့ လာမာဗုဒ္ဓဘာသာရဲ့ အဆုံးအမအောက်မှာ နေထိုင်ကြတဲ့ အဲဒီရှန်ဂရီလာဒေသက သူတွေဟာ ဥာဏ်ပညာ အလွန်ကြီးမားကြပြီ လောဘ ဒေါသ မောဟတွေ မရှိသလောက် လျော့နည်းကြတယ်တဲ့။ သာမန် လူ့သက်တမ်းထက် ပိုမိုရှည်လျားစွာ နေထိုင်နိုင်ကြတယ်လို့လည်း ဆိုတယ်။ ရှန်ဂရီလာဒေသမှာ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေ၊ လူတွေရဲ့ အတိတ်နဲ့ အနာဂါတ်ကို ပြောပြနိုင်တဲ့ တိဗတ် ဘုန်းတော်ကြီးတွေဟာ အေးချမ်းစွာ တရားကျင့်ကြံ နေထိုင်လျက်ရှိကြလို့ တရားဓမ္မထွန်းကားတဲ့ ကမ္ဘာ့အစိမ်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားပါသတဲ့။

ဆရာမင်းသိင်္ခကတော့ (Shambhala) ရှန်ဘဲလာဆိုတာကို ကိုးကားပြီး အဲဒီလို ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေ မြန်မာလိုပြောရင်တော့ ၀ိဇ္ဇာ ဇော်ဂျီတွေနေတဲ့ ဒေသအကြောင်း သူ့ရဲ့မဟာမြိုင်ခရီးသည်ဝတ္တုမှာ ရေးသားခဲ့တာ တွေ့နိုင်ပါတယ်။ ပြီးတော့ စနေမောင်မောင်နှင့်မြေလျှိုးမိုးပျံဂိုဏ်း စာအုပ်ထဲမှာလည်း ဒီရှန်ဂရီလာထဲက ဇာတ်လမ်း ဇာတ်ကွက်တွေကို မှီငြမ်းပြီးရေးထားတာ တွေ့ရပါတယ်။ 

စာရေးဆရာ ဂျိမ်းဟစ်လ်တန်ဟာ ဒီဝတ္ထုကို မထုတ်ဝေခင် ရှန်ဂရီလာ တည်ရှိတယ်လို့ နာမည်ကျော်ကြားထင်ရှားတဲ့ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း တိဗက်နယ်စပ်နဲ့ နီးစပ်တဲ့ Hunza တောင်ကြားဒေသကို လည်ပတ်ခဲ့ပါတယ်တဲ့။ ယခုခေတ်အခါမှာတော့ အဲဒီဒေသ အနီးမှာရှိတဲ့ Skardu valley - The Hidden Paradise in Pakistan လို့ လည်းခေါ်တဲ့ တောင်ကြားဒေသကို ကမ္ဘာလှည့် ခရီးသည်များအတွက် ရှန်ဂရီလာ အပန်းဖြေစခန်းအဖြစ် ဖွင့်လှစ်ထားပါတယ်တဲ့။

၂၀၀၁ခုနှစ်မှာ တရုတ်ပြည် Yunnan Province ရဲ့ အနောက်မြောက်မှာ ရှိတဲ့ တီဗက်တန်တွေရဲ့ Zhongdian ဒေသကိုလည်း ကမ္ဘာလှည့် ခရီးသည်များအတွက် ရှန်ဂရီလာဒေသလို့ တရားဝင် နာမည်ပေးခဲ့ပါတယ်တဲ့။

တရုတ်ပြည်အနောက်တောင်ဖက်စူးစူးက ယန်ဇီမြစ်ကြီး စီးဝင်ရာ အဲဒီရှန်ဂရီလာဒေသဟာ ဒဏ္ဍာရီထဲကအတိုင်း ငြိမ်းချမ်းတိတ်ဆိတ် လှပလွန်းပြီး ကမ္ဘာလှည့် ခရီးသည်များကို အင်မတန်မှဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်

No comments:

Post a Comment