လ့လာမှတ်သား မြတ်တရား
sábado, 18 de octubre de 2014
၉။ ပါပ၀ဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၁၆။ မကောင်းမှု၌စိတ်သည် မွေ့လျော်တတ်၍ ကောင်းမှုပြုသောအခါ နုံ့နှေးတတ်ရကား မကောင်းမှုမှ စိတ်ကိုတားမြစ်၍ ကုသိုလ်ကောင်းမှုတို့ကို လျင်မြန်ဆောစွာ ပြုလုပ်ရာ၏။ ၁၁၇။ ပုဂ္ဂိုလ်သည် မကောင်းမှု ပြုမိစေကာမှူ ထိုမကောင်းမှုကို ထပ်ကာထပ်ကာ မပြုမိစေရာ၊ ထိုမကောင်းမှု၌ စိတ်အလိုဆန္ဒကိုမပြုရာ၊ မကောင်းမှုကိုပွားစေခြင်းသည် ဆင်းရဲ၏ အကြောင်းတည်း။ ၁၁၈။ ပုဂ္ဂိုလ်သည် ကောင်းမှုကိုပြုပြီးသော်လည်း ထိုကောင်းမှုကို ထပ်ကာထပ်ကာပြုရာ၏၊ ထိုကောင်းမှု၌ စိတ်အလိုဆန္ဒကို ပြုရာ၏၊ ကောင်းမှုကို ပွားစေခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။ ၁၁၉။ မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသရွေ့ ကာလပတ်လုံး ကောင်းမြတ်သောအာရုံကို တွေ့မြင်နိုင်သေး၏၊ မကောင်းမှုအကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။ ၁၂၀။ ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း ကောင်းမှုအကျိုး မပေးသေးသရွေ့ ကာလပတ်လုံး မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏၊ ကောင်းမှုအကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရလေတော့၏။ ၁၂၁။ အနည်းငယ်သော မကောင်းမှုသည် ငါ့အားအကျိုးရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှု ကို မထီမဲ့မြင် မအောင့်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်သကဲ့သို့ သူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို ပြုဆည်းပူးဖန်များသော် မကောင်းမှုဖြင့် ပြည့်၏။ ၁၂၂။ အနည်းငယ်သောကောင်းမှုသည် ငါ့အားအကျိုးရောက်လိမ့်မည် မဟုတ်ဟု ကောင်းမှုကို မထီမဲ့မြင် မအောင့်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်သကဲ့သို့ ပညာရှိသည် အနည်းငယ် အနည်းငယ်မျှသော ကောင်းမှုကို ပြုဆည်းပူးဖန်များလတ်သော် ကောင်းမှုဖြင့် ပြည့်၏။ ၁၂၃။ အဖော်နည်းသော များသောဥစ္စာရှိသောကုန်သည်ကြီးသည် ဘေးအန္တရာယ်များသော ခရီးကို ရှောင်ကြဉ်သကဲ့သို့ လည်းကောင်း၊ အသက်ရှင်လိုသောသူသည် လတ်တလော သေစေတတ်သောအဆိပ်ကို ရှောင်ကြဉ်သကဲ့သို့လည်းကောင်း ပညာရှိသည် မကောင်းမှုကို ရှောင်ကြဉ်ရာ၏။ ၁၂၄။ လက်၌အနာမရှိလျှင် လက်ဖြင့်အဆိပ်ကို ကိုင်ဆောင်နိုင်၏၊ အဆိပ်သည် အနာမရှိသော လက်သို့ အစဉ် မလိုက်၊ စေတနာမရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ။ ၁၂၅။ အကြင်သူမိုက်သည် မပြစ်မှားထိုက်သော စင်ကြယ်၍ ကိလေသာကင်းသော ရဟန္တာ ပုဂ္ဂိုလ်အား ပြစ်မှား၏၊ လေညာသို့ပစ်လွှင့်အပ်သော သိမ်မွေ့သောမြူမှုန်သည် ထိုပစ်လွှင့်သူသို့သာ ပြန်ကျသကဲ့သို့ မကောင်းမှုသည် ထိုသူမိုက်သို့သာ ရှေးရှုပြန်ကျလာ၏။ ၁၂၆။ အချို့သော သူတို့သည် ဤလူ့ပြည်၌ အမိဝမ်းဝယ် ပဋိသန္ဓေနေရကုန်၏၊ မကောင်းမှု ပြုသူတို့သည် ငရဲ၌ ဖြစ်ရကုန်၏၊ ကောင်းသောပညာရှိတို့သည် နတ်ပြည်သို့ ရောက်ရကုန်၏၊ အာသဝေါကင်းသော ရဟန္တာ ပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်စံရကုန်၏။ ၁၂၇။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော် လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော် လည်းကောင်း တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း မကောင်းမှုမှ မလွတ်ရာ၊ အကြင်အရပ်၌ တည်နေသော် မကောင်းမှုမှ လွတ်ရာ၏၊ ထိုအရပ်မျိုးကား မရှိနိုင် သည်သာတည်း။ ၁၂၈။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော် လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော် လည်းကောင်း၊ တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း သေမင်းမှမလွတ်ရာ၊ အကြင်အရပ်၌ တည်နေသော် သေမင်းမှမညှဉ်းဆဲနိုင်ရာ၊ ထိုအရပ်မျိုးကား မရှိနိုင်သည်သာတည်း
Sunday, January 8, 2017
တရားမှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment