အရေးအကြောင်း သုံးမျိုး နှင့် ပုဂ္ဂိုလ် သုံးမျိုး
တခါသော် မြတ်စွာဘုရားသခင်သည် အရေးအကြောင်း သုံးမျိုးနှင့် ပုဂ္ဂိုလ် သုံးမျိုးအကြောင်း ရှင်းလင်း ဟောကြားတော်မူခဲ့သည်။
ထိုသုံးမျိုးမှာ
(၁) ကျောက်ပြားပေါ်၌ရေးသော အရေးအကြောင်းနှင့်တူသော ပုဂ္ဂိုလ်။
(၂) မြေကြီးပေါ်၌ရေးသော အရေးအကြောင်းနှင့်တူသော ပုဂ္ဂိုလ်။
(၃) ရေပေါ်၌ရေးသော အရေးအကြောင်းနှင့်တူသော ပုဂ္ဂိုလ်တို့ ဖြစ်ကြသည်။
အကျယ်အားဖြင့်ဆိုရသော်-ကျောက်ပြားပေါ်၌ရေးသော အရေးအကြောင်းသည် လေ၊ ရေတို့ကြောင့် ပျက်မသွား၊ ကြာမြင့်စွာ တည်သည်။ ထို့အတူ အချို့ပုဂ္ဂိုလ်တို့သည် မကြာခဏ အမျက်ထွက်ပြီး လွယ်လွယ်နှင့် အမျက်မပြေနိုင်ကြပေ။ ထိုသူမျိုးတို့သည် ကျောက်ပြားပေါ်၌ရေးသော အရေးအကြောင်းနှင့် တူသည့်ပုဂ္ဂိုလ်ပင် ဖြစ်၏။
အချို့ပုဂ္ဂိုလ်တို့မှာ-မြေကြီးပေါ်၌ရေးသော အရေးအကြောင်းနှင့်တူသည်။ မြေကြီးပေါ်၌ရေးသော အရေးအကြောင်းသည် ကြာမြင့်စွာမတည်၊ လေ၊ ရေတို့ကြောင့် ပျက်စီးသွားကြရသည်။ ထို့အတူ အချို့ပုဂ္ဂိုလ်တို့သည် မကြာခဏ အမျက်ထွက်သော်လည်း လျင်မြန်စွာ အမျက်ပြေလေ့ ရှိကြသည်။ ထိုပုဂ္ဂိုလ်မျိုးတို့သည် မြေကြီးပေါ်၌ရေးသော အရေးအကြောင်းနှင့်တူသောပုဂ္ဂိုလ် မည်၏။
အချို့ပုဂ္ဂိုလ်တို့ကား ရေပေါ်၌ရေးသော အရေးအကြောင်းနှင့် တူကြသည်။ ရေပေါ်၌ရေးသော အရေးအကြောင်းသည် အရေးအကြောင်း ထင်မနေ။ ချက်ချင်းပင် ကင်းပျောက်သွားသည်။ ထို့အတူ အချို့ပုဂ္ဂိုလ်တို့သည် ကြမ်းတမ်းသောစကား၊ ရုန့်ရင်းသောစကား၊ မနှစ်သက်ဖွယ်သောစကား တို့ဖြင့် ပြောဆိုတတ်သော်လည်း စိတ်မဆိုးကြပေ။ ထိုပုဂ္ဂိုလ်မျိုးတို့သည် ရေပေါ်၌ရေးသော အရေးအကြောင်းနှင့်တူသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ဤဟောကြားချက်သည် အင်္ဂုတ္တရနိကာယ် လေခသုတ်တွင် အထင်အရှားပါရှိသည်။ မြတ်စွာဘုရားရှင် ညွှန်ပြသော အထက်ပါ ပုဂ္ဂိုလ်သုံးမျိုးတွင် ရေပေါ်၌ရေးအပ်သော အရေးအကြောင်းနှင့် တူသော တတိယပုဂ္ဂိုလ်မျိုးသည် အမွန်မြတ်ဆုံး ဖြစ်သည်ကို အထူးတင်ပြဖွယ်မလိုပေ။
မြေကြီးပေါ်၌ရေးသော အရေးအကြောင်းနှင့် တူသည့် ဒုတိယပုဂ္ဂိုလ်မှာ ဒုတိယတန်းစား ဖြစ်သည်။ ကျောက်ပြားပေါ်၌ရေးသော အရေးအကြောင်းနှင့်တူသော ပထမပုဂ္ဂိုလ်ကား အနိမ့်ဆုံး ဖြစ်လေသည်။
ဤဟောကြားချက်ကို ထောက်ရှုဆင်ခြင်၍ ကျွန်ုပ်တို့သည် ရေပေါ်၌ရေးအပ်သော အရေးအကြောင်းနှင့်တူသည့် ပုဂ္ဂိုလ်များဖြစ်အောင် ကျင့်ကြံပွားများ အားထုတ်နိုင်ကြပါသော် ကောင်းလေစွ
No comments:
Post a Comment