Monday, January 23, 2017

လူမိုက်၏သဘော ၃

လူမိုက်၏သဘော ( ၃ )

လောက၌ ကြံသည်အဖျားမှအစဉ်သဖြင့်အဆစ်တိုင်း အဆစ်တိုင်း လွန်သောထူးသောအရသာရှိ၏။
မိတ်ဆွေခင်ပွန်းကောင်းဖြစ်သောသူတော်သူမြတ်သည်လည်း ထိုကြံ၏အဖျားမှအရင်းတိုင်အောင်လွန်၍လွန်၍ချိုသူနှင့်တူ၏။

လူမိုက် (၀ါ) မိတ်ဆွေတုကားအရင်းအစ၌သာချို၍အဖျားတိုင်အောင်မချိုသောကြံ၏သဘောနှင့်တူ၏။

လောက၌ နည်းပါးသောအကြားအမြင်ရှိသောသူသည် အနည်းငယ်သောအကြားအမြင်ကိုအများအောက့်မေ့တတ်၏၊ မာန်ရှိတတ်၏၊
အဘယ်ကဲ့သို့ နည်းဟူမူကား သမုဒ္ဒရာရေကို မမြင်ဖူးသောဖားသူငယ်သည် တွင်းဝ၌ရေကိုအများကြီးထင်သကဲ့သို့ တည်း။

လောက၌ ပထမအရွယ်၌ အတတ်ပညာမရခဲ့၊ ဒုတိယအရွယ်၌ဥစ္စာမရခဲ့၊ တတိယအရွယ်၌တရားမရခဲ့၊
စတုတ္ထအရွယ်၌ အဘယ်သို့ ပြုနိုင်အံ့နည်း။

ရန်သူနှင့်လည်း အကျွမ်းမ၀င်ရာ ( မယုံကြည်ရာ )
အဆွေခင်ပွန်းနှင့်လည်း အလွန်အကျွမ်းမ၀င်ရာ ( မယုံကြည်ရာ )
တခါတရံ အဆွေခင်ပွန်းသည် အမျက်ထွက်လတ်သော် ခပ်သိမ်းသောအပြစ်တို့ ကို ထင်ရှားပြတတ်၏။

လောက၌ မစင်အတိပြည့်သော ကျဉ်းမြောင်းသော အရပ်၌ နေရခြင်းသည် ဆင်းရဲ၏။
ထို့ ထက်မချစ်မနှစ်သက်သော ရန်သူနှင့်နေရခြင်းသည်ဆင်းရဲ၏။
ထို့ ထက်လည်း သူ့ ကျေးဇူးကိုမသိတတ်သောသူနှင့် နေရခြင်းသည်လည်းဆင်းရဲ၏။

ဆုံးမသင့်သောအရာ၌ဆုံးမရာ၏။ မပြတ်ဆုံးမရာ၏။
မကောင်းသော အကျင့်မှလည်းတားမြစ်ရာ၏။ ထိုစကားသင့်စွ။
ဆိုဆုံးမတတ်သူကို သူတော်ကောင်းတို့ သည်ချစ်ခင်အပ်သည်ဖြစ်၏။ လူမိုက်တို့ ကမူမုန်းတီး၏။

အကြင်သူသည် သူတော်ကောင်းကို ချစ်ခြင်းမပြုချေ။ မသူတော်တို့ တရားသာလျှင် နှစ်သက်၏။ ထိုအကျင့်အမူသည် ထိုသူအား ပျက်စီးမည့်အကြောင်းပေတည်း။

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

No comments:

Post a Comment