၁၉။ ဓမ္မဋ္ဌ၀ဂ္ဂ ၂၅၆။ ဆုံးဖြတ်အပ်သော အမှုသဘောကို နိုင်ထက်စီးနင်း ဆုံးဖြတ်ခြင်းကြောင့် တရား၌တည်သူ တရားသူကြီးမဟုတ်၊ ပညာရှိသည် ဟုတ်မှန်သောအကြောင်း မဟုတ်မမှန်သောအကြောင်း နှစ်ပါး စုံကို စုံစမ်းမေးမြန်း၍ ဆုံးဖြတ်ရာ၏။ ၂၅၇။ မချွတ်မယွင်း တရားနှင့်အညီ သူတစ်ပါးတို့ကို နိုင်ခြင်းရှုံးခြင်းသို့ ရောက်စေသော ပညာရှိကို တရားစောင့်သော တရား၌တည်သူ တရားသူကြီးဟု ဆိုအပ်၏။ ၂၅၈။ စကားများစွာ ပြောကာမျှဖြင့် ပညာရှိမဖြစ်၊ ဘေးမရှိရန်မလာ ကြောက်ရွံ့မှုကင်းကွာသူကို ပညာရှိဟူ၍ ဆိုအပ်၏။ ၂၅၉။ စကားများစွာပြောကာမျှဖြင့် တရားကိုဆောင်သူမမည်၊ အကြင်သူသည် အနည်းငယ်သော တရားစကားကို ကြားရရုံမျှဖြင့်လည်း သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့်မြင်၏၊ ထို သစ္စာလေးပါးတရား၌ မမေ့မလျော့သူသည်သာ စင်စစ် တရားဆောင်သူမည်၏။ ၂၆၀။ ထိုရဟန်း၏ ဦးခေါင်းသည်ဖွေးဖွေးဖြူ၏၊ ထိုဦးခေါင်း ဖွေးဖွေးဖြူကာမျှဖြင့် ထိုရဟန်းသည် မထေရ်မမည်၊ ထိုရဟန်း၏ အရွယ်ရင့်အိုမှုကို အကျိုးမဲ့ ရင့်အိုမှုဟုဆိုအပ်၏။ ၂၆၁။ အကြင်ပုဂ္ဂိုလ်၌ သစ္စာလည်းရှိ၏၊ တရားလည်းရှိ၏၊ ညှဉ်းဆဲမှုမရှိ၊ သီလစောင့်ခြင်း ရှိ၏၊ ဣနြေ္ဒကိုလည်းဆုံးမ၏၊ ကိလေသာ ပျို့အန်ပြီးသော ထိုပညာရှိပုဂ္ဂိုလ်ကိုသာ မထေရ်ဟု ဆိုအပ်၏။ ၂၆၂။ ငြူစူတတ်သော ၀န်တိုသော စဉ်းလဲတတ်သောပုဂ္ဂိုလ်သည် ကောင်းသောစကားကို ပြောတတ်ကာမျှဖြင့် လည်းကောင်း၊ ရုပ်အဆင်း လှပကာမျှဖြင့် လည်းကောင်း ကောင်းသောသဘောရှိသည် မမည်။ ၂၆၃။ အကြင်သူသည် ငြူစူခြင်း ၀န်တိုခြင်း စဉ်းလဲခြင်းဟူသော ထိုသဘောကို အကြွင်းမဲ့ဖြတ်၏၊ အမြစ်ပြတ် ပယ်နှုတ်ပြီးဖြစ်၏၊ ကိလေသာအပြစ်ကို ထွေးအန်ပြီးသော ထိုပညာရှိကို ကောင်းသောသဘောရှိသူဟု ဆိုအပ်၏။ ၂၆၄။ ဦးပြည်းခေါင်း တုံးကာမျှဖြင့် ရဟန်းမည်သည်မဖြစ်၊ သီလအကျင့် ဓုတင်အကျင့်လည်း မရှိသော ချွတ်ယွင်း သောစကားကိုလည်း ပြောတတ်သော လိုချင်မက်မောမှုနှင့် ပြည့်စုံသောသူသည် အဘယ်မှာ ရဟန်းဟုတ်နိုင် ပါအံ့နည်း။ ၂၆၅။ အကြင်ပုဂ္ဂိုလ်သည် အသေးအကြီးဖြစ်သော မကောင်းမှုတို့ကို အချင်းခပ်သိမ်း ငြိမ်းစေ၏၊ ထိုပုဂ္ဂိုလ်ကို မကောင်းမှုအလုံးစုံကို ငြိမ်းစေတတ်သောကြောင့် ရဟန်းဟူ၍ ဆိုအပ်၏။ ၂၆၆။ သူတစ်ပါးတို့ထံ တောင်းစားကာမျှဖြင့် ရဟန်းမည်သည်မဖြစ်၊ တရားနှင့်မညီညွတ်သော အကျင့်ကိုယူ၍ ကျင့်ကာမျှဖြင့် ရဟန်းမည်သည်မဖြစ်။ ၂၆၇။ ဤသာသနာတော်၌ အကြင်သူသည် မြတ်သောအကျင့်ရှိသည်ဖြစ်၍ ကောင်းမှု မကောင်းမှုကို ပယ်နုတ်လျက် ခန္ဓာငါးပါးဟူသော လောကကို ဉာဏ်ဖြင့်ဆင်ခြင်၍ ကျင့်၏၊ ထိုသူကို ရဟန်းဟု ဆိုအပ်၏။ ၂၆၈-၂၆၉။ အသိပညာမရှိပါဘဲ တွေဝေသော သဘောရှိသောသူသည် ဆိတ်ဆိတ်နေကာမျှဖြင့် မုနိမမည်၊ အကြင်ပညာရှိသည် ချိန်ခွင်ကိုကိုင်၍ ချိန်စက်သကဲ့သို့ ကောင်းမှုတည်းဟူသော အမြတ်တရားကိုယူ၍ မကောင်းမှု အကုသိုလ်တရားတို့ကို ကြဉ်ရှောင်၏၊ ထို့ကြောင့် ထိုပညာ ရှိသည် မုနိမည်၏၊ အကြင်သူသည် အဇ္ဈတ္တဗဟိဒ္ဓ ခန္ဓာနှစ်ပါးတို့ကိုသိ၏၊ ထိုသူသည်လည်း မုနိ မည်၏၊ ထိုအကြောင်းနှစ်ပါးကြောင့် မုနိဟု ဆိုအပ်၏။ ၂၇၀။ အကြင့်ကြောင့် သတ္တ၀ါတို့ကို ညှဉ်းဆဲ၏။ ထို ညှဉ်းဆဲခြင်းကြောင့် အရိယာမဖြစ်၊ သတ္တ၀ါတို့ကို မညှဉ်းဆဲ ခြင်းကြောင့် အရိယာဟူ၍ ဆိုအပ်၏။ ၂၇၁-၂၇၂။ သီလအကျင့် ရှိကာမျှဖြင့်လည်းကောင်း အကြားအမြင် များကာမျှဖြင့် လည်းကောင်း၊ တည်ကြည်မှု သမာဓိ ရကာမျှဖြင့် လည်းကောင်း၊ ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့် လည်းကောင်း ရဟန်းသည် အာသဝေါကုန်ခန်းသော ရဟန္တာ အဖြစ်သို့ မရောက်သေးသမျှ ပုထုဇဉ်တို့ မမှီဝဲအပ်သော အနာဂါမိဖိုလ်ချမ်းသာကို ရပေ၏ဟူ၍ သက်သာရာ ရပ်နားခြင်းသို့ မရောက်ပါစေလင့်။
›
၁၈။ မလ၀ဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၂၃၅။ ဥပါသကာ သင်သည် ယခုအခါဖျော့တော့သော ဖက်ရွက်ရော်ကဲ့သို့ဖြစ်ခဲ့ပြီ၊ သေမင်းတမန်တို့သည်လည်း သင်၏ အနီး၌ တည်ကုန်ပြီ၊ ဆုတ်ယုတ်ပျက်စီးခြင်း၏အစ ဘ၀အဆုံး၌လည်း တည်ခဲ့ပြီ၊ သင့်အား ဘ၀တစ်ပါးသို့သွားရန် ကောင်းမှုရိက္ခာလည်း မရှိ။ ၂၃၆။ ထိုသင်သည် မိမိ၏ မှီရာကျွန်းနှင့်တူသော ကောင်းမှုကိုပြုလော့၊ လျင်စွာ အားထုတ်၍ ပညာရှိသူဖြစ်လေလော့၊ အညစ်အကြေးကိုပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ အရိယာတို့နေရာ သုဒ္ဓါဝါသဘုံသို့ ကပ်ရောက်ရလတ္တံ့။ ၂၃၇။ ဥပါသကာ သင်သည်ယခုအခါအရွယ်လွန်ချေပြီ၊ သေမင်း၏ အထံသို့ သွားချိန်ရောက်ခဲ့ပြီ၊ သင့်အား ခရီးအကြား၌ ရပ်နားနေရန် အခွင့်မရှိ၊ သင့်အား ဘ၀တစ်ပါးသို့သွားရန် ကောင်းမှုရိက္ခာလည်း မရှိ။ ၂၃၈။ ဥပါသကာ သင်သည်မိမိ၏ မှီရာကျွန်းနှင့်တူသော ကောင်းမှုကိုပြုလော၊့ လျင်စွာအားထုတ်၍ ပညာရှိသူ ဖြစ်လေ လော့၊ အညစ်အကြေးကိုပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ တစ်ဖန် ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မရောက်ရတော့ လတ္တံ့။ ၂၃၉။ ပန်းတိမ်ဆရာသည် ရွှေ၏အညစ်အကြေးကို တဖြည်းဖြည်းထုတ်သကဲ့သို့ ပညာရှိသည် အစဉ်သဖြင့် မိမိ၏ အညစ်အကြေးကို အနည်းငယ်အနည်းငယ် အခွင့်ရတိုင်း ရာဂစသော အညစ်အကြေးကို ထုတ်ပယ်ရာ၏။ ၂၄၀။ သံချေးသည် သံမှပင်ဖြစ်လာ၍ သံချေးတက်ပြီးလျှင် ထိုသံကိုပင် ပြန်၍စားသကဲ့သို့၊ ဤအတူ မကောင်းမှု၌ လွန်ကျူး၍ကျင့်သောသူကို မိမိကျင့်ကြံမှုတို့သည် ဒုဂ္ဂတိဘ၀သို့ ဆောင်ကုန်၏။ ၂၄၁။ စာပေကျမ်းဂန် အတတ်ပညာတို့သည် မရွတ်ဖတ် မသရဇ္ဈာယ်ခြင်းလျှင် ပျက်စီးကြောင်း အညစ်အကြေးရှိကုန်၏၊ အိမ်တို့သည် ကြောင့်ကြတစိုက် မပြုပြင်ခြင်းလျှင် ပျက်စီးကြောင်း အညစ်အကြေးရှိကုန်၏၊ ပျင်းရိခြင်းသည် အဆင်းလှပခြင်း၏ ပျက်စီးကြောင်း အညစ်အကြေး မည်၏၊ မေ့လျော့ခြင်းသည် စောင့်ရှောက်သူ၏ ပျက်စီးကြောင်း အညစ်အကြေး မည်၏။ ၂၄၂။ လင်ကိုလွန်ကျူး၍ကျင့်ခြင်းသည် မိန်းမ၏ပျက်စီးကြောင်း အညစ်အကြေး မည်၏၊ နှမြောဝန်တိုခြင်းသည် ပေးလှူသူ၏ ပျက်စီးကြောင်း အညစ်အကြေး မည်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဤဘ၀၌လည်းကောင်း၊ တမလွန်ဘ၀၌လည်းကောင်း ဧကန်ပျက်စီးကြောင်း အညစ်အကြေးမည်ကုန်၏ ၂၄၃။ ထိုအညစ်အကြေးတို့ထက် အလွန်ကဲဆုံး အညစ်အကြေးကား အမှန်ကိုမသိမှု အ၀ိဇ္ဇာပင်တည်း၊ ရဟန်းတို့ ဤအလွန်ကဲဆုံး အ၀ိဇ္ဇာ အညစ်အကြေးကို သုတ်သင်၍ အညစ်အကြေး ကင်းစေကုန်လော့။ ၂၄၄။ အရှက်မရှိသူသည် ရဲတင်းသောကျီးနှင့်တူသဖြင့် လည်းကောင်း၊ သူတစ်ပါးဂုဏ်ကို ဖျက်စီးသဖြင့်လည်းကောင်း၊ သူတစ်ပါးပြုသည်ကို မိမိပြုသယောင်ဆောင်သဖြင့် လည်းကောင်း၊ ကြမ်းကြုတ်သဖြင့်လည်းကောင်း၊ ညစ်ညူးသော အကျင့်ဖြင့်လည်းကောင်း၊ အသက်မွေးမှု ပြုသောကြောင့် အသက်မွေးလွယ်ကူ၏။ ၂၄၅။ အရှက်ရှိသူသည် အမြဲစင်ကြယ်မှုကို ရှာသဖြင့်လည်းကောင်း၊ မတွန့်တိုသဖြင့်လည်းကောင်း၊ မကြမ်း ကြုတ်သဖြင့်လည်းကောင်း၊ စင်ကြယ်သော အသက်မွေးမှုဖြင့်လည်းကောင်း၊ သင့်မသင့်ကို မြော်မြင်သဖြင့် လည်းကောင်း အသက်မွေးမှုပြုသောကြောင့် အသက်မွေးမှု ခဲယဉ်း၏။ ၂၄၆-၂၄၇။ လောက၌ အကြင်သူသည် သူ့အသက်ကို သတ်၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ ပိုင်ရှင်မပေးသော သူ့ဥစ္စာကို ခိုးယူ၏၊ သူတစ်ပါး သားမယားကိုလည်း သွားလာ၏၊ သေရည်သေရက်ကိုလည်း သောက်စား၏၊ ထိုသူသည် ဤဘ၀၌ပင်လျှင် မိမိ၏ မူလရင်း အခြေအမြစ်ကို တူးဖြိုဖျက်ဆီးသည် မည်၏။ ၂၄၈။ အိုယောက်ျား ကိုယ်စသည်ကိုစောင့်စည်းမှု ကင်းဝေးသူတို့သည် ယုတ်ညံ့သောသဘော ရှိကုန်၏ဟု သိလေ လော့၊ လောဘသည် လည်းကောင်း ဒေါသသည် လည်းကောင်း သင့်ကို ကြာမြင့်စွာ ဆင်းရဲစေရန် မပြုလုပ်ပါစေလင့်။ ၂၄၉။ လူအပေါင်းသည် တစ်စုံတစ်ယောက်အား ယုံကြည်သည့်အလျောက် ကြည်ညိုသည့်အလျောက် ပေးကမ်း လှူဒါန်း၏၊ စားဖွယ်သောက်ဖွယ်စသည်ကို သူတစ်ပါးတို့ ပေးလှူရာ၌ မျက်နှာမသာသူသည် နေ့အခါ၌ လည်းကောင်း၊ ညဥ့်အခါ၌ လည်းကောင်း စိတ်၏ တည်ကြည်မှုကိုမရ။ ၂၅၀။ အကြင်သူသည် ဤမျက်နှာမသာမှုသဘောကို အကြွင်းမဲ့ဖြတ်၏။ အမြစ်ပြတ် ပယ်နုတ်ပြီးဖြစ်၏၊ ထိုသူသည် နေ့အခါ၌လည်းကောင်း၊ ညဥ့်အခါ၌လည်းကောင်း စိတ်၏တည်ကြည်မှုကို ဧကန်ရ၏။ ၂၅၁။ ရာဂနှင့်တူသော မီးသည်မရှိ၊ ဒေါသနှင့်တူသော ဖမ်းယူတတ်သော သတ္တ၀ါသည်မရှိ၊ မောဟနှင့်တူသော ပိုက်ကွန်သည်မရှိ၊ တဏှာနှင့်တူသော မြစ်သည်မရှိ။ ၂၅၂။ သူတစ်ပါးတို့၏အပြစ်ကို မြင်လွယ်၏၊ မိမိ၏အပြစ်ကိုကား မြင်နိုင်ခဲ၏၊ ထိုသူသည် ဖွဲကိုလွှင့်သကဲ့သို့ သူ တစ်ပါးတို့၏ အပြစ်ကိုလွှင့်၏ စဉ်းလဲကောက်ကျစ်သော ငှက်မုဆိုးသည် ကိုယ်ကို သစ်ရွက်စသည်ဖြင့် ဖုံးလွမ်း သကဲ့သို့ မိမိ၏ အပြစ်ကိုမူကား ဖုံးလွှမ်း၏။ ၂၅၃။ သူတစ်ပါး၏ အပြစ်ကို အစဉ်ရှုလျှက် အမြဲမပြတ် ကဲ့ရဲ့တတ်သူအား အာသဝေါတရားတို့သည် တိုးပွားကုန်၏၊ ထိုသူသည် အာသဝေါကုန်ခြင်းမှ ဝေးကွာ၏။ ၂၅၄။ ကောင်းကင်၌ ခြေရာမရှိ၊ သာသနာ့ပြင်ပ၌ မဂ်ရ ဖိုလ်ရ ရဟန်းမရှိ၊ သတ္တ၀ါတို့သည် သံသရာချဲ့ထွင်တတ်သော တဏှာ မာန ဒိဋ္ဌိ တရား၌ မွေ့လျော်ကုန်၏၊ ဘုရားရှင်တို့သည် သံသရာ ချဲ့ထွင်တတ်သောတရားမှ ကင်းကုန်၏။ ၂၅၅။ ကောင်းကင်၌ ခြေရာမရှိ၊ သာသနာ့ပြင်ပ၌ မဂ်ရဖိုလ်ရ ရဟန်းမရှိ၊ မြဲကုန်သောသင်္ခါရ တရားတို့သည် မရှိကုန်။ ဘုရားရှင်တို့အား တုန်လှုပ်ခြင်းမရှိ။
›
၁၇။ ကောဓ၀ဂ္ဂ ၂၂၁။ အမျက်ဒေါသကို စွန့်ရာ၏၊ မာနကို ပယ်ရာ၏၊ သံယောဇဉ်မှန်သမျှကို ကျော်လွန်ရာ၏၊ နာမ်ရုပ်၌ မငြိတွယ် မကြောင့်ကြသူထံသို့ ဆင်းရဲဒုက္ခတို့သည် မကျရောက်ကုန်။ ၂၂၂။ လိမ္မာသောရထားထိန်းသည် လျင်မြန်စွာပြေးသွားသောရထားကို လမ်းမလွဲအောင် စောင့်ရှောက်နိုင်သကဲ့သို့ ဖြစ်ပေါ်လာသော အမျက်ဒေါသကို စင်စစ် တားမြစ်နိုင်သူကို လိမ္မာသော ရထားထိန်းဟူ၍ ငါဆို၏၊ ဤမှတစ်ပါး ပြကတေ့ရထားထိန်းသည် ရထားကြိုးကိုင်သာမည်၏။ ၂၂၃။ အမျက်ထွက်သောသူကို မေတ္တာတရားဖြင့်အောင်ရာ၏၊ မကောင်းသော သဘောရှိသူကို ကောင်းသောသဘောဖြင့် အောင်ရာ၏၊ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏၊ မဟုတ်မမှန် ပြောသူကို အဟုတ်အမှန် ပြောဆိုခြင်းဖြင့် အောင်ရာ၏။ ၂၂၄။ မှန်သောစကားကို ပြောဆိုရာ၏၊ အမျက်မထွက်ရာ၊ တောင်းလာသည်ရှိသော် အနည်းငယ်မျှကိုသော်လည်း ပေးလှူရာ၏၊ ဤအကြောင်းသုံးပါးတို့ဖြင့် နတ်ပြည်သို့ရောက်ရ၏။ ၂၂၅။ သူတစ်ပါးတို့ကို မညှဉ်းဆဲတတ်၊ ကာယဒွါရစသည်တို့ဖြင့် အမြဲစောင့်စည်းတတ်ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည် စိုးရိမ်ခြင်းကင်းရာ သေခြင်းကင်းရာဖြစ်သော နိဗ္ဗာန်အရပ်သို့ ရောက်ကြရကုန်၏။ ၂၂၆။ အခါခပ်သိမ်း နိုးကြားထကြွကုန်သည်ဖြစ်၍ နေ့ညဥ့်ပတ်လုံး သိက္ခာသုံးပါးကို ကျင့်ကြကုန်လျက် နိဗ္ဗာန်သို့ စိတ်ညွတ်ကြသူတို့အား အာသဝေါတရားတို့ ချုပ်ငြိမ်းကွယ်ပျောက်ကြကုန်၏။ ၂၂၇။ အိုအတုလ ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးစဉ်လာပေတည်း၊ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏၊ များစွာပြောဟောသောသူကိုလည်း ကဲ့ရဲ့ကုန်၏၊ နှိုင်းချိန်၍ ပြောသော သူကိုလည်း ကဲ့ရဲ့ကုန်၏၊ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ။ ၂၂၈။ လုံးဝအကဲ့ရဲ့ခံရသူ လုံးဝအချီးမွမ်းခံရသူမည်သည် ရှေးကလည်းမရှိခဲ့စဖူး၊ နောင်အခါလည်း ရှိလိမ့်မည်မဟုတ်၊ ယခုအခါ၌လည်းမရှိ။ ၂၂၉-၂၃၀။ မကျိုးမပြတ်သော အကျင့်ရှိသော ဖောက်ခွဲနိုင်သောပညာရှိသော ပညာဂုဏ် သီလဂုဏ် သမာဓိ ဂုဏ်ရှိသောသူကို ပညာရှိသူတို့သည် ဟုတ်မှန်စွာသိ၍ နေ့တိုင်းနေ့တိုင်း ချီးမွမ်းခဲ့ပါမူ ဇမ္ဗူရာဇ်ရွှေစင်နိက္ခနှင့် တူသူကို အဘယ်သူသည် ကဲ့ရဲ့နိုင်ပါအံ့နည်း၊ ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာမင်းသည်လည်း ချီးမွမ်း၏။ ၂၃၁။ ကိုယ်အမူအရာ ပျက်စီးမှု ကာယဒုစရိုက်သုံးပါးကို စောင့်ရှောက်ရာ၏ ကာယဒွါရဖြင့် ဒုစရိုက်ဝင်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ ကာယဒုစရိုက်ကိုပယ်စွန့်၍ ကာယသုစရိုက်ကို ကျင့်ရာ၏။ ၂၃၂။ နှုတ်အမူအရာပျက်စီးမှု ၀စီဒုစရိုက်လေးပါးကို စောင့်ရှောက်ရာ၏၊ ၀စီဒွါရဖြင့် ဒုစရိုက် ၀င်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ ၀စီဒုစရိုက်ကိုပယ်စွန့်၍ ၀စီသုစရိုက်ကိုကျင့်ရာ၏။ ၂၃၃။ စိတ်အမူအရာပျက်စီးမှု မနောဒုစရိုက်သုံးပါးကို စောင့်ရှောက်ရာ၏၊ မနောဒွါရဖြင့် ဒုစရိုက် ၀င်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ မနောဒုစရိုက်ကို ပယ်စွန့်၍ မနောသုစရိုက်ကို ကျင့်ရာ၏။ ၂၃၄။ ပညာရှိသည် ကိုယ်ဖြင့်ဝင်ရောက်လာသော ဒုစရိုက်၊ နှုတ်ဖြင့်ဝင်ရောက်လာသော ဒုစရိုက်၊ စိတ်ဖြင့်ဝင် ရောက်လာသော ဒုစရိုက်တို့ကို တားမြစ်ပိတ်ပင်နိုင်ကုန်၏၊ ထိုပညာရှိတို့သည်သာ တားမြစ်ပိတ်ပင်သူတို့ မည်ကုန်၏။
›
၁၆။ ပိယ၀ဂ္ဂ ၂၀၉။ မိမိကိုယ်ကို အားမထုတ်သင့်ရာ၌ အားထုတ်လျက် အားထုတ်သင့်ရာ၌ အားမထုတ်ဘဲ အကျိုးစီးပွားကို စွန့်လွှတ်၍ ချစ်ဖွယ်အာရုံ ကာမဂုဏ်ကို စွဲလမ်းသူသည် ကိုယ်တိုင်အားထုတ် သူတို့၏ အကျိုးစီးပွားကို ငါရမူကား ကောင်းလေစွဟု လိုလားတောင့်တ၏။ ၂၁၀။ ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ခါတစ်ရံမျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။ ၂၁၁။ ထို့ကြောင့် လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလမ်းခြင်းကို မပြုရာ၊ ချစ်ခင် စွဲလမ်းဖွယ်ရာတို့နှင့် ကွေကွင်းရခြင်းသည် မကောင်းသည်သာတည်း၊ ချစ်ခြင်းမုန်းခြင်း မရှိသော သူတို့အား အနှောင်အဖွဲ့ ဂန္ထတို့ မရှိကြကုန်။ ၂၁၂။ ချစ်ခင်မှုကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ ချစ်ခင်မှုကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏၊ ချစ်ခင်မှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။ ၂၁၃။ မြတ်နိုးမှုကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ မြတ်နိုးမှုကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏၊ မြတ်နိုးမှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။ ၂၁၄။ မွေ့လျော်မှုကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ မွေ့လျော်မှုကြောင့် ကြောက်ရွံ့မှုဖြစ်ရ၏၊ မွေ့လျော်မှုမှ ကင်းလွတ် သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။ ၂၁၅။ ကာမကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ ကာမကြောင့် ကြောက်ရွံ့မှုဖြစ်ရ၏၊ ကာမမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။ ၂၁၆။ တဏှာကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ တဏှာကြောင့် ကြောက်ရွံ့မှုဖြစ်ရ၏၊ တဏှာမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။ ၂၁၇။ သီလနှင့်လည်းပြည့်စုံ ဉာဏ်အမြင်နှင့်လည်းပြည့်စုံ၍ တရား၌တည်ကာ အမှန်တရားကိုလည်း သိတတ်သော မိမိပြုဖွယ် အမှုကိစ္စကိုလည်းပြုတတ်သူကို လူအပေါင်းသည် ချစ်မြတ်နိုး၏။ ၂၁၈။ နိဗ္ဗာန်ကို အားကြီးစွာ လိုလားသည်ဖြစ်၍ စိတ်ဖြင့်တွေ့ထိကာ ကာမဘုံတို့၌ကပ်ငြိစိတ် မရှိသူကို အထက် အကနိဋ္ဌာဘုံသို့ အစဉ်အတိုင်း သွားမည့်သူဟု ဆိုအပ်၏။ ၂၁၉။ ကြာမြင့်စွာကွဲကွာ၍ ရပ်ဝေးမှ ချမ်းသာစွာ ပြန်ရောက်လာသူကိုမြင်၍ ဆွေမျိုးမိတ်ဆွေ ချစ်ကျွမ်းဝင်သူတို့သည် ပြန်လာပြီဟု နှစ်သက်ဝမ်းမြောက်ကုန်၏။ ၂၂၀။ ထိုနည်းတူစွာလျှင် ဤပစ္စုပ္ပန်ဘ၀မှ တမလွန်ဘ၀သို့သွားသော ပြုပြီးသောကောင်းမှု ရှိသူကိုလည်း ဆွေမျိုးတို့သည် ပြန်ရောက်လာသောချစ်သူကို ကြိုဆိုကြသကဲ့သို့ ကောင်းမှုတို့သည် ကြိုဆိုကြကုန်၏။
›
၁၅။ သုခ၀ဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၉၇။ ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ရန်ပြုသောသူတို့အလယ်၌ ရန်မရှိကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။ ၁၉၈။ ကိလေသာအနှိပ်စက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ကိလေသာ အနှိပ်အစက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်အစက်မခံရကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။ ၁၉၉။ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော သူတို့အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့အသက်မွေးနိုင်ကြကုန်၏၊ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော လူတို့အလယ်၌ ကာမ ဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။ ၂၀၀။ စိုးရိမ်ကြောင့်ကြဖွယ်ရာ တစ်စုံတစ်ခုမျှမရှိဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ အာဘဿရာဗြဟ္မာတို့ကဲ့သို့ နှစ်သက်ဝမ်းမြောက်မှု ပီတိတည်းဟူသောအစာကို အားထား၍ နေကြကုန်အံ့။ ၂၀၁။ အနိုင်ရသူသည် ရန်ကိုပွါးစေ၏၊ ရှုံးသောသူသည် ဆင်းရဲစွာနေရ၏၊ ကိလေသာငြိမ်းပြီးသောသူသည် အနိုင် အရှုံးကိုစွန့်၍ ချမ်းသာစွာနေရ၏။ ၂၀၂။ ရာဂနှင့်တူသော မီးမရှိ၊ ဒေါသနှင့်တူသော အပြစ်မရှိ၊ ခန္ဓာနှင့်တူသော ဆင်းရဲဒုက္ခမရှိ၊ နိဗ္ဗာန်နှင့်တူသော ချမ်းသာမရှိ။ ၂၀၃။ ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး အနာရောဂါမည်၏၊ ခန္ဓာငါးပါး သင်္ခါရတရားတို့သည် အလွန်ကဲဆုံး ဆင်းရဲမည်ကုန်၏၊ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း၊ ပညာရှိသည် ဤသို့ ဟုတ်တိုင်းမှန်စွာသိ၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြု၏။ ၂၀၄။ အနာရောဂါကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း၊ ရောင့်ရဲမှုသည် အလွန်ကဲဆုံးဥစ္စာတည်း၊ ချစ်ကျွမ်းဝင် သူသည် အလွန်ကဲဆုံးဆွေမျိုးတည်း၊ နိဗ္ဗာန်သည် အလွန်ကဲဆုံးချမ်းသာတည်း။ ၂၀၅။ တရားဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် ဆိတ်ငြိမ်ရာ၌ရသော တရားအရသာကို လည်းကောင်း၊ ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကိုလည်းကောင်း သောက်ရသောကြောင့် ပူပန်မှုကင်း၏၊ မကောင်းမှုမှလည်းကင်း၏။ ၂၀၆။ သူတော်ကောင်းတို့ကို တွေ့မြင်ရခြင်းသည်ကောင်း၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရခြင်းသည် အခါခပ်သိမ်း ချမ်းသာ၏၊ လူမိုက်တို့ကို မတွေ့မမြင်ရခြင်းသည် အမြဲပင် ချမ်းသာ၏။ ၂၀၇။ သူမိုက်နှင့်ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလကြာမြင့်စွာ စိုးရိမ်ရ၏၊ လူမိုက်တို့နှင့် အတူနေရခြင်းသည် ရန်သူနှင့် အတူနေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲရ၏၊ ပညာရှိနှင့် အတူတကွနေရခြင်းသည် ဆွေမျိုးတို့နှင့် အတူတကွ နေထိုင်ရသကဲ့သို့ ချမ်းသာ၏။ ၂၀၈။ ထို့ကြောင့်သာလျှင် တည်ကြည်လည်းတည်ကြည်သော ပညာလည်းရှိသော အကြားအမြင်လည်းများသော မဂ်ဖိုလ်ဟူသောဝန်ကိုလည်း ဆောင်လေ့ရှိသော သီလ ဓုတင် ဖြူစင်သော အကျင့်လည်းရှိသော မြတ်သော ထိုသို့ သဘောရှိသော ပညာရှိသူတော်ကောင်းကို လမင်းသည် နက္ခတ်တို့သွားရာလမ်းခရီးကို ချဉ်းကပ်သကဲ့သို့ မှီဝဲ ဆည်းကပ်ရာ၏။
›
၁၄။ ဗုဒ္ဓ၀ဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၇၉။ အကြင်မြတ်စွာဘုရားသည် အောင်အပ်ပြီးသော ကိလေသာကို တစ်ဖန်အောင်ဖွယ်မလို၊ လောက၌ အကြင် မြတ်စွာဘုရား၏ အောင်ပြီးသော ကိလေသာနောက်သို့ ကိလေသာတစ်စုံတစ်ခုမျှ အစဉ်မလိုက်တော့ချေ၊ အပိုင်း အခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ်ရှိတော်မူသော ရာဂစသော ခရီးလမ်းကြောင်းမရှိသော ထိုမြတ်စွာ ဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင် နိုင်ကုန်အံ့နည်း။ ၁၈၀။ အကြင်မြတ်စွာဘုရားအား တစ်စုံတစ်ခုသော လောကသို့ ခေါ်ဆောင်ရန် ပိုက်ကွန်ပမာ ကပ်ငြိတတ်သော တဏှာသည်မရှိ၊ အပိုင်းအခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ် ရှိတော်မူသော ရာဂစသော ခရီးလမ်း ကြောင်းမရှိသော ထိုမြတ်စွာဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင်နိုင်ကုန်အံ့နည်း။ ၁၈၁။ အကြင်ပညာရှိတို့သည် သမထဈာန်၌ လေ့ကျက်အားထုတ်ကုန်၏၊ ကာမမှထွက်မြောက်မှု ကိလေသာငြိမ်းမှု၌ မွေ့လျော်ကုန်၏၊ သစ္စာလေးပါးတရားကို ကောင်းစွာသိကုန်သော လွန်ကဲသော သတိရှိကုန်သော ထိုပညာရှိတို့အား နတ်ဗြဟ္မာတို့သည်လည်း ချစ်မြတ်နိုးကြကုန်၏။ ၁၈၂။ လူအဖြစ်ကို ရခြင်းသည် ခဲယဉ်း၏၊ သတ္တ၀ါတို့၏ အသက်ရှင်ခြင်းသည် ခဲယဉ်း၏၊ သူတော်ကောင်းတရားကို ကြားနာရခြင်းသည် ခဲယဉ်း၏၊ ဘုရားရှင်တို့ ပွင့်ထွန်းပေါ် ပေါက်လာရခြင်းသည် ခဲယဉ်း၏။ ၁၈၃။ မကောင်းမှုဟူသမျှကို မပြုရာ၊ ကုသိုလ်နှင့် ပြည့်စုံစေရာ၏၊ မိမိစိတ်ကိုဖြူစင်စေရာ၏၊ ဤသည်ကား ဘုရားရှင် တို့၏ အဆုံးအမတော်ပေတည်း။ ၁၈၄။ တိတိက္ခာဟု အမည်ရသော သည်းခံမှု ခန္တီသည် မြတ်သောအကျင့်ပေတည်း၊ နိဗ္ဗာန်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ ဟောတော်မူကုန်၏၊ ရဟန်းဟူသည် သူတစ်ပါးကို မညှဉ်းဆဲရာ၊ သူတစ်ပါးကို ညှဉ်းဆဲသောသူသည် ရဟန်းမဟုတ်ပေ။ ၁၈၅။ သူတစ်ပါးကို မကဲ့ရဲ့မစွပ်စွဲရာ မညှဉ်းဆဲရာ၊ ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်ရာ၏။ စားဖွယ်၌ အတိုင်းအရှည်ကို သိရာ၏၊ ဆိတ်ငြိမ်သောကျောင်း အိပ်ရာနေရာသို့ ကပ်ရောက်နေထိုင်ရာ၏၊ သမာပတ်ရှစ်ပါးဟူသော အဓိစိတ္တသိက္ခာကို ပွားများအားထုတ်ရာ၏၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။ ၁၈၆-၁၈၇။ အသပြာမိုး ရွာသွန်းပေးသဖြင့်လည်း ကာမတို့၌ ရောင့်ရဲတင်းတိမ်မှုမရှိ၊ ကာမတို့သည် သာယာ ဘွယ်သဘောမရှိကုန်၊ ဆင်းရဲကုန်၏ဟုသိ၍ မြတ်စွာဘုရား၏ တပည့်ဖြစ်သော ပညာရှိသည် နတ်၌ဖြစ်သော ကာမတို့၌ သော်လည်း မမွေ့လျော်၊ တဏှာကုန်ရာ နိဗ္ဗာန်၌သာ မွေ့လျော်တော့၏။ ၁၈၈။ ကြောက်ရွံ့ထိတ်လန့်ကုန်သော များစွာသောလူတို့သည် တောင်တို့ကိုလည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ နေရာတို့ကိုလည်းကောင်း၊ အထိကရ သစ်ပင်စသော ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ကြကုန်၏။ ၁၈၉။ ဤ တော တောင် နေရာ အထိကရသစ်ပင်စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ မြတ်သောကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။ ၁၉၀-၁၉၁။ အကြင်သူသည် မြတ်စွာဘုရားကို လည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကို လည်းကောင်း ကိုးကွယ်ဆည်းကပ်၏၊ ထိုသူသည် ဆင်းရဲအမှန် ဒုက္ခသစ္စာ၊ ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန် သမုဒယသစ္စာ၊ ဆင်းရဲမှ လွတ်မြောက်ရာအမှန် နိရောဓသစ္စာ၊ ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းအမှန် အင်္ဂါရှစ်ပါးရှိသော မြတ်သောမဂ္ဂသစ္စာ ဟူသော အရိယသစ္စာလေးပါးတို့ကို ကောင်းစွာ မဂ်ပညာဖြင့် မြင်နိုင်၏။ ၁၉၂။ ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏၊ မြတ်သော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏၊ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏။ ၁၉၃။ ယောက်ျားအာဇာနည်ပုဂ္ဂိုလ်မျိုးသည် ဖြစ်ထွန်းပေါ်ပေါက်နိုင်ခဲ၏၊ ထိုယောက်ျားအာဇာနည် ပုဂ္ဂိုလ်မျိုးသည် ခပ်သိမ်းသောအရပ်ဒေသ၊ ခပ်သိမ်းသောအမျိုးအနွယ်တို့၌ မဖြစ်ထွန်းနိုင်၊ ပညာရှိသော အာဇာနည်ပုဂ္ဂိုလ်မျိုးသည် အကြင်အမျိုးအနွယ်၌ဖြစ်၏၊ ထိုအမျိုးအနွယ်သည် ချမ်းသာခြင်းသို့ရောက်၏။ ၁၉၄။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏၊ သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏အကြောင်းဖြစ်၏၊ သံဃာ၏ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏၊ စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏အကြောင်းဖြစ်၏။ ၁၉၅-၁၉၆။ ပူဇော်ထိုက်ကုန်သော တဏှာ မာန ဒိဋ္ဌိဟူသော သံသရာနယ်ချဲ့တရားတို့ကို လွန်မြောက်ပြီးကုန်သော စိုးရိမ်ပူဆွေးငိုကြွေးခြင်းကို လွတ်မြောက်ပြီးကုန်သော ကိလေသာငြိမ်းအေး ပြီးကုန်သော တစ်စုံတစ်ခု ဘေးရန် မရှိကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်တို့ကိုလည်းကောင်း ပူဇော်သောသူ၏ ကောင်းမှုကို ဤကောင်းမှုသည် ဤမျှရှိ၏ဟု တစ်စုံတစ်ယောက်သောသူသည်လည်း ရေတွက်ခြင်းငှါ မတတ်ကောင်း။
›
၁၃။ လောက၀ဂ္ဂ ၁၆၇။ ကာမဂုဏ် အယုတ်တရားကို မမှီဝဲရာ၊ မေ့မေ့ လျော့လျော့ မနေရာ၊ မှားသောအယူကို မယူရာ၊ လောက ကြီးပွားရေးအတွက် သက်သက်မဖြစ်ရာ။ ၁၆၈။ ဆွမ်းခံဝတ်၌ မမေ့လျော့ရာ၊ ကောင်းစွာ ကျင့်အပ်သော အကျင့်တရားကို ကျင့်ရာ၏၊ တရားကိုကျင့်သောသူသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌ လည်းကောင်း ချမ်းသာစွာ နေရ၏။ ၁၆၉။ သုစရိုက်တရားကို ကျင့်ရာ၏၊ ဒုစရိုက်တရားကို မကျင့်ရာ၊ တရားကို ကျင့်သောသူသည် ဤလောက၌ လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ချမ်းသာစွာ နေရ၏။ ၁၇၀။ ရေပွက်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ တံလျှပ်ကို ရှုမြင်ရသကဲ့သို့ လည်းကောင်း ဤအတူ ခန္ဓာငါးပါး ဟူသော လောကကို ရှုကြည့်သူကို သေမင်းသည်မမြင်နိုင်။ ၁၇၁။ လာကြကုန်လော့ ရတနာခုနစ်ပါးဖြင့် ဆန်းကြယ်သော မင်းစီးရထားလျှင် ဥပမာရှိသော အ၀တ်တန်ဆာတို့ဖြင့် ဆန်းကြယ်သော ဤခန္ဓာငါးပါးတည်းဟူသော လောကကိုရှုကြကုန်လော့၊ ယင်းလောက၌ မိုက်သူတို့သည် နစ်မြုပ်ကြကုန်၏၊ ပညာရှိတို့အား ကပ်ငြိတွယ်တာမှုသည်မရှိ။ ၁၇၂။ ရှေးငယ်စဉ်အခါက ကုသိုလ်၌ မေ့လျော့ခဲ့၍ နောင်ကြီးပြင်းသောအခါ၌ မမေ့လျော့သောသူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို မဂ်ဉာဏ်ရောင်ဖြင့် ထွန်းလင်း တောက်ပစေ၏။ ၁၇၃။ မိမိပြုခဲ့သောမကောင်းမှု အကုသိုလ်ကံကို အရဟတ္တမဂ်ကုသိုလ်ဖြင့် ဖုံးအုပ်သူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို အရဟတ္တဉာဏ်ရောင်ဖြင့် ထွန်းလင်းတောက်ပစေ၏။ ၁၇၄။ ဤလူအပေါင်းသည် ပညာမျက်စေ့မရှိသဖြင့် အကန်းအတိသာ ဖြစ်၏။ ဤလောက၌ အနည်းငယ် မျှသောသူသည်သာ အနိစ္စစသော သဘောအားဖြင့် ရှုမြင်နိုင်၏။ ပိုက်ကွန်မှလွတ်သော ငှက်သည် နည်းပါးသကဲ့သို့ လူအနည်းငယ်မျှသာ နတ်ရွာနိဗ္ဗာန်သို့ ရောက်နိုင်၏။ ၁၇၅။ ဟင်္သာတို့သည် နေမင်းလမ်းကြောင်း ကောင်းကင်ခရီး၌ သွားကုန်၏၊ တန်ခိုးရှင်တို့သည် ကောင်းကင်၌ သွားကုန်၏၊ ပညာရှိတို့သည် စစ်သည်ဗိုလ်ပါနှင့်တကွသော မာရ်မင်းကိုအောင်၍ လောကမှ ထွက်မြောက်ကုန်၏။ ၁၇၆။ သစ္စာတရားတစ်ခုကိုလွန်၍ မုသားစကားကိုဆိုလေ့ရှိသော နောင်ဘ၀အတွက် ဆင်ခြင်စဉ်းစားခြင်း အလျင်း မရှိသောသူအား မပြုနိုင်မည့် မကောင်းမှုအကုသိုလ် မည်သည်မရှိ။ ၁၇၇။ စေးနဲဝန်တိုသူတို့သည် နတ်ပြည်သို့မရောက်နိုင်ကြကုန်၊ လူမိုက်တို့သည် အလှူဒါနကို မချီးမွမ်းကြကုန်၊ ပညာရှိသည်သာ အလှူဒါနကို ၀မ်းမြောက်နိုင်၏၊ ထို ၀မ်းမြောက်မှုကြောင့်သာလျှင် ထိုပညာရှိသည် တမလွန်ဘ၀၌ ချမ်းသာရ၏။ ၁၇၈။ မြေတပြင်လုံး၌ ဧကရာဇ်မင်းဖြစ်ရသည်ထက် လည်းကောင်း၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက် လည်းကောင်း၊ တစ်လောကလုံးကို အစိုးရသည်ထက် လည်းကောင်း သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။
Sunday, January 8, 2017
တရားမှတ်စု၂
Subscribe to:
Post Comments (Atom)
No comments:
Post a Comment