Monday, January 23, 2017

လူမိုက် မင်္ဂလသုတ်နှင့် သည်းခံခြင်း

လူမိုက် မင်္ဂလသုတ်နှင့် သည်းခံခြင်း

မဟာဂရုဏာ မေတ္တာတော်ကိုပိုင်ဆိုင်တော်မူသောလူနတ်ဗြဟ္မာ သတ္တ၀ါတို့ ၏ကိုးကွယ်ရာဖြစ်တော်
မူသောမြတ်စွာဘုရားရှင်သည် မကောင်းမူ့ တို့ ကိုပယ်ဖျောက်တတ်သော ၃၈ဖြာမင်္ဂလာတရားတော်ကို

တလောကလုံးအကျိုးစီးပွားအတွက်ဟောတော်မူခဲ့၏။

ထို၃၈ဖြာသောမင်္ဂလာတရားတော်၏ ပထမဦးဆုံးအချက်တွင်ဘုရားရှင်က ယခုကဲ့သို့ ဟောကြားခဲ့ပါတယ်။

အသေ၀နာစ ဗာလနံ ပဏ္ဍိတာနဉ္စသေ၀နာ ပူဇာ စ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ။

( ၁ ) လူမိုက်တို့ ကို မပေါင်းမသင်းရှောင်ခွာခြင်း။

( ၂ ) ပညာရှိသူတော်ကောင်းတို့ ကိုပေါင်းသင်းဆည်းကပ်ခြင်း။

( ၃ ) ပူဇော်ထိုက်သူတို့ ကို ပူဇော်ခြင်း။ ဆိုပြီးဟောတော်မူခဲ့ပါတယ်။

အဲဒီအချက်သုံးချက်မှာ အသေ၀နာစ ဗာလနံလို့ အစချီပြီးသုတ်တော်မှာ အရေးအကြီးဆုံးအချက်အနေနဲ့ 

နံပါတ်တစ် လူမိုက်တို့ ကို မပေါင်းမသင်းရှောင်ခွာခြင်း သည် လူ နတ် ဗြဟ္မာအားလုံးအတွက်မင်္ဂလာတပါးဖြစ်တယ်လို့ မှာကြားခဲ့ပါတယ်…။

ဒီအချက်ကိုကြည့်ခြင်းအားဖြင့် လူမိုက် ဗာလနံ တနည်းအားဖြင့် ( သူယုတ်မာ ) နဲ့ 

တွေ့ ဆုံရခြင်းသည် အကျိုးစီးပွားအားလုံး၏ဆုတ်ယုတ်ရာဖြစ်တယ်ဆိုတာထင်ရှားပါတယ်…။

ထိုဗာလနံ နှင့်တွေ့ ဆုံရသူအား စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်း ဆိုတဲ့

သောကအပေါင်းတို့ ရောက်ရှိနိုင်ယုံမက အပယ်ငရဲရောက်ပြီး ဆင်းရဲဒုက္ခရောက်နိုင်ပါသေးတယ်ဆိုတာ

သီတဂူဆရာတော်ကြီး က “လူမိုက်တို့ ရဲ့သွားရာလမ်း”

လို့ အမည်ရတဲ့တရားတော်မှာ ဟောတော်မူခဲ့ပါသေးတယ်။

လူမိုက် လက္ခဏာလေးမျိုးရှိတယ်လို့ ဆရာတော်ကမိန့် ပါတယ်။

( ၁ ) နည်းမှားတွေကိုအမှန်ထင်ပြီးလုပ်တယ်။

( ၂ ) သူလုပ်တဲ့နည်းမှားတွေကို သူတပါးတွေကိုလည်းသူ့ လိုပဲလုပ်ခိုင်းတယ်။

( ၃ ) အဲဒီနည်းမှားတွေကိုအသက်နဲ့ ထပ်တူတန်ဘိုးထားတယ်။

( ၄ ) မှားတာကိုမှားနေပြီလို့ ထောက်ပြသူများကိုလည်းရန်သူလို့ သဘောထားတယ်။

အဲဒါကလူမိုက်ရဲ့လက္ခဏာတွေပါပဲတဲ့…။ ဘယ်လောက်များကြောက်စရာကောင်းလိုက်ပါသလဲ။

လူမိုက်နဲ့ တွေ့ ကြုံဖူးတဲ့လူတွေကတော့ လူမိုက်ဆိုတာဘယ်သို့ ဘယ်ပုံဒုက္ခပေးနိုင်လည်းဆိုတာ

သိကြမှာပါ…။ ကိုယ်တိုင်ကတော့ ဘ၀မှာတခါမှမကြုံတွေ့ ဖူးတဲ့ လူမိုက်မျိုးနဲ့ တွေ့ ကြုံခဲ့ပါတယ်…။

ယခုလည်းအဲဒီလူမိုက်နဲ့ ဆက်လက်တွေ့ ကြုံနေရဆဲပါပဲ။ ကိုယ်တွေ့ ရတဲ့လူမိုက်ကတော့ မြတ်စွာဘုရားရှင်

တောင် ချွတ်လို့ မရနိုင်မယ့် ဒေ၀ဒတ်လိုလူမျိုးပါ။ ကောက်ကျစ်စဉ်းလဲတဲ့နေရာမှာ ဒေ၀ဒတ်ကတောင်

ဆရာတင်ရမယ့်လူမျိုးပါ…။

အဲဒီလောက်ဆိုးဝါးတဲ့သူနဲ့ တွေ့ တဲ့အခါမှာ သာမန်ပုထုစဉ်

တယောက်ဖြစ်တဲ့ကိုယ့်ရဲ့စိတ်ထဲမှာ ဒေါသ သောမနတွေ ဖြစ်မိပါတယ်။

ဒါနဲ့ ဆက်စပ်ပြီးစဉ်းစားမိတာကဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဟာ

ဒါနပါရမီတွေဖြည့်ဆည်းနေတဲ့အချိန်မှာ စူဇကာပုဏ္ဍားနဲ့ တွေ့ ခဲ့ပါတယ်…။ ပုဏ္ဍားကဘုရား

အလောင်းတော်ရဲ့ရင်နှစ်သည်းခြာ သားနဲ့ သမီးလေးနှစ်ယောက်ကို

ကျွန်အဖြစ်သူ့ ရဲ့အိမ်မှာခိုင်းစေဖို့ တောင်းခံတဲ့အခါ

ဝေဿန္တရာမင်းကြီးကကြည်ဖြူစွာပဲ ကလေးတွေကိုပေးလှူလိုက်ပါတယ်…။ အဲလိုပေးလှူလိုက်တာကို

သူယုတ်မာဖြစ်တဲ့စူဇကာဟာ ကျေးဇူးတင်ရကောင်းမှန်းတောင်မသိပဲ

ဘုရားအလောင်းတော်ရဲ့ရှေ့ မှာ ကလေးတွေကို မညှာမတာ

ကျွဲရိုက်နွားရိုက် ရိုက်နှက်တော့တာပါပဲ…။ ဒါကိုမြင်လိုက်ရတဲ့အချိန်မှာ ပါရမီ့ရှင်ကြီး ဘုရားအလောင်းတော်ဟာ

သံလျှက်ကိုဆွဲပြီး အဲဒီစူဇကာပုဏ္ဍားကို အဆုံးစီရင်ချင်တဲ့ ဒေါသတွေဖြစ်သွားပါတော့တယ်။

ဘုရားအလောင်းတော်က အဲဒီအချိန်မှာ ဘုရားဖြစ်ဖို့ အတွက် လေးအင်္သချေနဲ့ ကမ္ဘာတသိန်း

ပါရမီတော်တွေ ဖြည့်ဆည်းခဲ့ပြီးလို့ ယခု ဘုရားဖြစ်ခါနီးနောက်ဆုံးဆယ်ဘ၀ကို ရောက်နေတာပါ…။

အဲဒီလိုပါရမီတော်တွေဖြည့်ဆည်းခဲ့ပြီးဖြစ်တဲ့ ပါရမီ့ရှင် အရင့်အမာတောင်မှ

သူယုတ်မာနဲ့ တွေ့ တဲ့အခါမှာ သည်းခံခြင်းနဲ့  ထိန်းချုပ်နိုင်စွမ်းအားတွေ ကုန်ခမ်းလုနီးဖြစ်ခဲ့ရပါတယ်…။

ဒါကိုကြည့်ခြင်းအားဖြင့် သူယုတ်မာဆိုတာ လူတယောက်ကို

ဘယ်လောက်များကြောက်စရာကောင်းလောက်အောင်

ဒုက္ခပေးနိုင်သလဲဆိုတာပါပဲ။ ဒါကြောင့်မို့ လည်းဘုရားရှင်က မင်္ဂလသုတ်တော်မှာ အသေ၀နာစ ဗာလနံ

လူမိုက်ကိုရှောင်ကျဉ်ရမယ်လို့ အရေးအကြီးဆုံးအချက်အနေနဲ့ လူနတ် ဗြဟ္မာသတ္တ၀ါတွေကို မှာကြားခဲ့တာ

ပဲဖြစ်မှာပါ။


ကိုယ်ကိုယ်တိုင်လည်းဘုရားရှင်က ရှောင်ကျဉ်ခိုင်းသလို လူမိုက်ကိုရှောင်ရှားပါတယ်…

ဘုရားရဲ့အဆုံးအမတွေကိုတတ်နိုင်သလောက် ပုထုစဉ်တယောက်အနေနဲ့ ကျိုးစားပြီးလိုက်နာပါတယ်။

သို့ သော်လည်း ကိုယ်တွေ့ ကြုံရတဲ့လူမိုက်က

ရှောင်လေ ကိုယ့်ကိုပိုပြီးဒုက္ခပေးလေ ကိုယ်ကသူ့ ကိုဘာမှမတုန့် ပြန်ပဲသည်းခံလေ ကိုယ့်ကိုစော်ကားလေ

အရှက်အကြောက်ကင်းမဲ့စွာနဲ့ ဒုက္ခပေးလေ… ဖြစ်နေတဲ့အပြင် ကိုယ်နဲ့ ခင်မင်နေတဲ့မိတ်ဆွေတွေကိုပါ လိုက်လံ

နှောက်ယှက်ဒုက္ခပေးတော့တာပါပဲ။ ဘယ်လောက်များကြောက်စရာကောင်းလိုက်သလဲဆိုတာစဉ်းစား

လို့ တောင်မရပါဘူး…။ ဘာလို့ လဲဆိုတော့ တော်ရုံသူယုတ်မာတယောက်ဆိုရင်တောင် သူ့ ကိုကိုယ်က

ဘာမှမပြော ရန်လည်းမတုံ့ ပြန်ရင် တနေ့ နေ့ တချိန်ချိန်မှာအသိစိတ်ကလေး ၀င်လာပြီးတော့ သူတပါးအပေါ်

ဆက်ပြီးဒုက္ခပေးတော့မှာမဟုတ်ပါဘူး…။ အခုဒီလူက ဒီလိုမဟုတ်ပါဘူး သူယုတ်မာထက်ယုတ်မာတဲ့သူပါ။

ကိုယ့်တယောက်ထဲကိုဒုက္ခပေးတယ်ဆိုရင် ကိုယ့်ဝဋ္ဋ်ကြွေးလို့ ပဲသဘောထားပြီး

ဒီဘ၀ဒီမျှနဲ့ တင်ကြေပါစေတော့ရယ်လို့ ရင်စည်းပြီးခံလိုက်ပါ့မယ်…။ ဒါပေမယ့်

မဆီမဆိုင် ကိုယ်လေးစားခင်မင်ရတဲ့သူတွေကိုပါအနှောက်အယှက်ပေးလာတဲ့အခါ သည်းခံနိုင်တဲ့

အတိုင်းတာကျော်လွန်သွားပါတယ်။ ကိုယ့်ရဲ့မိတ်ဆွေတွေကိုကြည့်ပြီးကိုယ့်ကြောင့်နဲ့ သူတို့ ခမြာ

အခုလိုခံစားကြရတာပါလားလို့ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတော့တယ်…။

စိတ်ထဲမှာလည်း ဒီသူယုတ်မာ လောကကြီးမှာမရှိရင်သိပ်ကောင်းမှာပဲ ဒီလူဒုက္ခပေးလို့ 

စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်းကိုခံစားနေကြရတဲ့သူတွေအားလုံး သူမရှိတော့ရင် ဒုက္ခတွေကလွတ်ပြီး

စိတ်ချမ်းသာသွားမှာပဲလို့ တွေးမိပါတယ်။ ဒီနောက်မှာတော့ အဲဒီဗာလနံကို

ဘယ်လိုမှသည်းမခံချင်တော့တဲ့အတွက်

Confrontation လုပ်မယ်လို့ စိတ်ကူးမိပါတယ်။…ဒါပေမယ့် အဲဒီလိုတွေးလိုက်မိတိုင်း ဘုရားရှင်ရဲ့အဆုံးအမတွေ

ကိုယ်ဖတ်ရှု့ မှတ်သားခဲ့တဲ့ဆရာတော်သံဃာတော်တွေရဲ့ အဆုံးအမတွေ ကကိုယ့်ရဲ့အသိစိတ်ထဲကိုဝင်လာတော့

တာပါပဲ… အဲဒီအသိစိတ်တွေက ဒီလိုလူနဲ့ မဖက်ပြိုင်ဖို့ ကို တားဆီးတော့တာပါပဲ။

အထူးသဖြင့်

မိစ္ဆာပဏိဟိတ္တံစိတ္တံပါပိယောနံတတောကရေ (မကောင်းသောစိတ်ထားသည် ထိုစိတ်ရှိသူအား

ယုတ်ညံ့ဆိုးဝါးသူဖြစ်အောင်ပြုတတ်၏။ )

သမ္မာမဏိဟိတ္တံစိတ္တံသေယသောနံတတောကရေ ( ကောင်းသောစိတ်ထားသည် ထိုစိတ်ရှိသူအား အထက်တန်းကျသူဖြစ်အောင်ပြုတတ်၏)

ဆိုတဲ့ဘုရားရှင်ရဲ့အဆုံးအမတွေကို ကြားယောင်နေမိပါတယ်။

မကောင်းတဲ့စိတ်တွေနဲ့ တုန့် ပြန်လိုက်ရင်တော့ အဲဒီရဲ့နောက်ဆက်တွဲမှာ

မကောင်းကျိုးတွေရလာမှာတော့မလွဲပါဘူး။

လောက၌ သူတော်ကောင်း သူယုတ်မာ ဟုနှစ်မျိုးရှိ၏။

သူတော်ကောင်းကိုပေါင်းသင်းသူသည် စံပယ်ပန်းထုပ်သော ဖက်ရွက်နှင့်တူ၏။

သူယုတ်မာကို ပေါင်းသင်းသူသည် ငါးပုပ်ထုပ်သော သမန်းမြက်နှင့်တူ၏။

ပစ္စုပ္ပန် တမလွန် ဘ၀ကောင်းကျိုးလိုလားသူတို့ သည် စံပယ်ပန်းထုပ်သော ဖက်ရွက်ကဲ့သို့ 

ရနံ့ ကောင်းအောင် သူတော်ကောင်းကိုပေါင်းသင်းကြရမည်။

ဘဒ္ဒ န္တရာဇိန္ဒ မဟာထေရ် (တောင်ဖီလာ တိပိဋ္ဋကတောရ ) ကလည်းဤသို့ မိန့် ကြားဆုံးမခဲ့ပါတယ်။

ဆရာတော်အရှင် ရာဇိန္ဒ - ရဝေနွယ် ( အင်းမ ) ကတော့ “အကုသိုလ်ဆိုတာမကောင်းဘူး

စိတ်ကိုလည်းပူလောင်စေတယ်။ ရုပ်ကိုလည်းပူလောင်စေတယ်”

“ဒီအကုသိုလ်စိတ်ကလေးကြောင့် ငါစိတ်ဆင်းရဲနေရတာပဲ” လို့ ဆိုပြီးဆင်ခြင်လိုက်ပါ။

ဖြစ်နေတဲ့အကုသိုလ်စိတ်ကလေးကို သတိကပ်ပြီးသိနေလိုက်ပါ………..။ သိပါများလာရင်

ဒီအကုသိုလ်စိတ်ထွက်သွားပါလိမ့်မယ်…………….။

ဒါက စိတ္တာနုပဿနာလို့ ခေါ်တဲ့ ၀ိပဿနာနဲ့  အဆင့်မြင့်မြင့်ပယ်ထုတ်ပစ်လိုက်တာပါ။

လို့ ဆရာတော်ရဲ့စာအုပ်မှာ ရေးသားဆုံးမထားပါတယ်။

ကျေးဇူးရှင် ဆရာတော်ဦလောကနာထ ( လောကနာထဘုန်းကြီးကျောင်း ) ကတော့

“သူယုတ်မာနဲ့ တွေ့ ရကြုံရတဲ့အခါမှာ

မိမိက မကောင်းတဲ့ကံအသစ်တွေ မယူမိဖို့ တော့လိုပါတယ်…။” လို့ ဆရာတော်ကဆုံးမခဲ့ဖူးပါတယ်။

အဲဒီလို ဆရာတော်တွေ သံဃာတော်တွေရဲ့ အဆုံးအမတွေကို သတိရမိတဲ့အခါမှာတော့ ရင်ထဲမှာ သည်းခံရမယ်

သည်းခံသင့်တယ်လို့ ကိုယ့်စိတ်ကို ဆုံးမနိုင်လာပါတယ်။

ခံနိုင်ရည်ရှိဖို့ အတွက်ခွန်အားတွေလည်းဖြစ်လာပါတယ်။

စိတ်ထဲမှာလည်းအေးချမ်းမူ့ တွေ ရှိလာခဲ့ပါတယ်။ ( လုံးဝအေးချမ်းသွားပြီလို့ မဆိုလိုပါ )

( ဒီနေရာမှာ စာအဖြစ်ရေးသားပြီး မဖေါ်ပြခဲ့တဲ့ ကျေးဇူးကြီးမားတဲ့ဆရာတော်တွေသံဃာတော်တွေ အများကြီးကျန်ပါသေးတယ် )

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ မကောင်းတဲ့သူတွေကတော့

မကောင်းမူ့ ကိုသူတို့ ရဲ့အစွမ်းရှိသလောက်ကျိုးစားပြီး

လူတွေကိုဒုက္ခပေးနိုင်သလောက်ပေးကြမှာပါပဲ…ဒါကိုပဲသူယုတ်မာတို့ ရဲ့အစွမ်းအစလို့ ပြောရင်ရနိုင်ပါတယ်…။

ပြီးတော့ သူယုတ်မာဆိုတာမျိုးက သူနဲ့ တွေ့ သမျှလူတွေကို သူ့ မှာရှိတဲ့အတတ်ပညာတွေအားလုံးနဲ့ 

ကောက်ကျစ် စဉ်းလဲ ဒုက္ခပေးဖို့ ဘယ်တော့မှဝန်လေးတဲ့သူမဟုတ်ပါဘူး။

သက်ရှိသတ္တ၀ါတိုင်းသွားရမယ့် သံသရာခရီးနဲ့ ယှဉ်လိုက်ရင် မျက်စိတမှိတ် လျှပ်တပျက်

လက်ဖြောင့်တချက်တီးစာပဲရှိတဲ့ လူ့ ဘ၀သက်တမ်းမှာ လူမိုက်ဆိုတဲ့သဘောမျိုးက အမှန်ကိုမမြင်ပဲ

အကုသိုလ်တွေ ကိုရသလောက်တော့ယူမှာပါပဲ… သူယုတ်မာဆိုတာအခုလည်းရှိမယ် နောက်လည်းရှိမယ်…

ကမ္ဘာတည်သ၍ ဒီသူယုတ်မာတွေကတော့ရှိနေမှာမလွဲပါဘူး…။ ရှောင်လို့ လဲမလွတ်နိုင်ပါဘူး။

ဒါပေမယ့် နောက်ဆုံးမှာ ဗာလနံလူမိုက်ဆိုတာ သူ့ အကုသိုလ်တွေသူထုပ်ပိုးပြီး သူ့ လမ်းသူသွားလိုက်မှာပါ…။

ကိုယ်ကသာ သူပေးတဲ့အကုသိုလ်တွေကို မယူမိဖို့ အရေးကြီးပါတယ်။

No comments:

Post a Comment