Sunday, January 8, 2017

တရားမှတ်စု၁

၂၆။ ဗြာဟ္မဏ၀ဂ္ဂ ၃၈၃။ သူတော်ကောင်း တဏှာတည်းဟူသော အလျဉ်ကို ဖြတ်လော့၊ လုံ့လပြု၍ ကာမတို့ကို ပယ်လော့၊ သင်္ခါရတို့၏ ကုန်ရာကိုသိ၍ မပြုပြင်အပ်သော နိဗ္ဗာန်ကိုသိလော့၊ ရဟန္တာဖြစ်လေလော့။ ၃၈၄။ သူတော်ကောင်းသည် နှစ်ပါးသော သမထ၀ိပဿနာ တရားတို့၌ ကမ်းတစ်ဖက်သို့ရောက်၏၊ ထိုအခါ တရားမှန်ကိုသိသော သူတော်ကောင်းအား အလုံးစုံသော ကာမရာဂသံယောဇဉ် စသည်တို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။ ၃၈၅။ အကြင်ပုဂ္ဂိုလ်အား စက္ခုစသော အတွင်းအာယတန ခြောက်ပါးတည်းဟူသော ဤမှာဘက်ကမ်းသည် လည်းကောင်း၊ ရူပါရုံစသော အပြင်အာယတန ခြောက်ပါးတည်းဟူသော ထိုမှာဘက်ကမ်းသည်လည်းကောင်း၊ ထိုမှာဘက် ဤမှာဘက်ကမ်း နှစ်ပါးသည်လည်းကောင်း မရှိ၊ ပူပန်ခြင်းကင်းသည်ဖြစ်၍ ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။ ၃၈၆။ အနိစ္စစသော လက္ခဏာကိုရှု၍ ကိလေသာမြူကင်းလျက် တစ်ကိုယ်တည်း နေလေ့ရှိသော ရဟန်းကိစ္စ ပြီးပြီးသော အာသဝေါကင်း၍ အရဟတ္တဖိုလ်သို့ရောက်သော ပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။ ၃၈၇။ နေမင်းသည် နေ့အခါ၌သာ တင့်တယ်၏၊ လမင်းသည် ညဥ့်အခါ၌သာ တင့်တယ်၏၊ မင်းသည် မင်းမြောက် တန်ဆာဆင်မှသာလျှင် တင့်တယ်၏၊ ရဟန္တာသည် ဈာန်ဝင်စားမှသာလျှင် တင့်တယ်၏၊ အမှန်သော်ကား မြတ်စွာဘုရားသည်သာ တန်ခိုးတော်ဖြင့် အလုံးစုံသော နေ့ညဥ့်ပတ်လုံး တင့်တယ်၏။ ၃၈၈။ မကောင်းမှုကို အပပြုပြီးဖြစ်သောကြောင့် ဗြာဟ္မဏဟု ခေါ်ဆိုအပ်၏၊ မကောင်းမှုကို ငြိမ်းစေတတ်သော အကျင့်ရှိသောကြောင့် သမဏဟုခေါ်ဆိုအပ်၏၊ မိမိ၏ ကိလေသာအညစ်အကြေးကို ထုပ်ပယ်သောကြောင့် ပဗ္ဗဇိတဟု ခေါ်ဆိုအပ်၏။ ၃၈၉။ သူတော်ကောင်း ဗြာဟ္မဏကို မပုတ်ခတ်ရာ၊ သူတော်ကောင်းသည် မိမိကို ပုတ်ခတ်သော ထိုသူအား အမျက်မထွက်ရာ၊ သူတော်ကောင်းအား ပုတ်ခတ်ခြင်းသည် စက်ဆုပ်ဖွယ်ဖြစ်၏၊ ပုတ်ခတ်သူအား အမျက်ထွက်သူသည် ထို့ထက်သာ၍ပင် စက်ဆုပ်ဖွယ်ဖြစ်၏။ ၃၉၀။ ချစ်နှစ်သက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဒေါသစိတ်ကို မတားမြစ်နိုင်ခဲ့မူ ထိုမတားမြစ်နိုင်ခြင်းသည် သူတော်ကောင်းအတွက် အနည်းငယ်မျှပင်မမြတ်၊ အကြင်အကြင်ဝတ္ထုမှ ညှဉ်းဆဲလိုသောစိတ်သည် ဆုတ်နစ်၏၊ ထိုထို ၀တ္ထုမှ ဆင်းရဲမှု ငြိမ်းသည်သာတည်း။ ၃၉၁။ အကြင်ပုဂ္ဂိုလ်အား ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုပြုခြင်း မရှိ၊ ကိုယ်နှုတ် စိတ်သုံးပါးတို့ဖြင့် စောင့်ရှောက်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။ ၃၉၂။ အကြင်ဆရာထံမှ မြတ်စွာဘုရား ဟောကြားအပ်သော တရားကိုသိရာ၏၊ ပုဏ္ဏားသည် မီးကိုပူဇော်သကဲ့သို့ ထိုဆရာကို ရိုသေစွာ ရှိခိုးရာ၏။ ၃၉၃။ ဆံကျစ်ထုံးခြင်းတို့ဖြင့်လည်းကောင်း၊ အနွယ်အားဖြင့်လည်းကောင်း၊ ဇာတ်အားဖြင့်လည်းကောင်း၊ ဗြာဟ္မဏမဖြစ်နိုင်၊ သစ္စဉာဏ်နှင့် လောကုတ္တရာတရားရှိသူသည်သာ စင်ကြယ်သူလည်းဖြစ်၏၊ ဗြာဟ္မဏလည်း ဖြစ်၏။ ၃၉၄။ ပညာရှိသောရသေ့ သင့်အား ဆံကျစ်ထုံးခြင်းတို့ဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ သစ်နက်ရေ၀တ်ခြင်းဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း၊ သင်၏ကိုယ်တွင်း၌ ကိလေသာတောရှိသည် ဖြစ်လျက် ပြင်ပကိုသာ သုတ်သင်ဘိ၏။ ၃၉၅။ ပံ့သကူသင်္ကန်းကိုဆောင်သော ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော တစ်ဦးတည်း တောထဲ၌ ဈာန်ဝင်စားလေ့ ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟုငါဘုရားဟော၏။ ၃၉၆။ ပုဏ္ဏားမျိုး၌ဖြစ်သော ပုဏ္ဏေးမမှဖြစ်သောသူကို ဗြာဟ္မဏဟု ငါဘုရားမဟော၊ ထိုပုဏ္ဏား သည် ရာဂစသော ကြောင့်ကြမှု ကိလေသာရှိခဲ့မူ ဘောဝါဒီ အမည်ရှိ၏၊ ကြောင့်ကြမှု ကိလေသာလည်းမရှိ စွဲလမ်းမှုလည်းမရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၃၉၇။ အကြင်ပုဂ္ဂိုလ်သည် အနှောင်အဖွဲ့ သံယောဇဉ်အားလုံးကိုဖြတ်၍ ထိတ်လန့်ပူပန်မှု မရှိ၊ ကပ်ငြိတတ်သည့် ကိလေသာကိုလွန်သော ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၃၉၈။ ဒေါသတည်းဟူသော နှောင်ကြိုးကိုလည်းကောင်း၊ တဏှာတည်းဟူသော လွန်ကြိုးကို လည်းကောင်း၊ ကိန်းအောင်းနေသော ကိလေသာနှင့်တကွသော မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးတည်းဟူသော ထူးကြိုး ကိုလည်းကောင်းဖြတ်၍ အ၀ိဇ္ဇာ တံခါးကျည်မင်းတုပ်ကို နုတ်ပယ်ပြီးလျှင် သစ္စာလေးပါးကိုသိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၃၉၉။ အကြင်ပုဂ္ဂိုလ်သည် ဆဲရေးခြင်း ပုတ်ခတ်ညှဉ်းဆဲခြင်း နှောင်ဖွဲ့ခြင်းကို အမျက်မထွက်ဘဲ သည်းခံ၏၊ သည်းခံခြင်းအားတည်းဟူသော စစ်သည်ဗိုလ်ပါရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၀၀။ အမျက်မထွက် ဓုတင်အကျင့်လည်းရှိ သီလနှင့်လည်းပြည့်စုံသော တဏှာပြန့်ပြောခြင်းလည်းမရှိ ယဉ်ကျေး၍ အဆုံးစွန်သောကိုယ်ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၀၁။ ကြာဖက်၌ ရေမတင်သကဲ့သို့လည်းကောင်း၊ ပွတ် ဆောက် စူးဖျား၌ မုန်ညင်းစေ့ မတည်နိုင်သကဲ့သို့လည်းကောင်း ကာမတို့၌ မလိမ်းကျံမကပ်ငြိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၀၂။ အကြင်ပုဂ္ဂိုလ်သည် ဤဘ၀၌ပင် မိမိဆင်းရဲ၏ကုန်ရာဖြစ်သော နိဗ္ဗာန်ကိုသိ၏၊ ချအပ်သော ခန္ဓာဝန်ရှိ၍ ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၀၃။ နက်နဲသောပညာရှိသော ထက်မြက်သောပညာရှိသော လမ်းမှန်ဟုတ်သည် မဟုတ်သည်၌ လိမ္မာသော အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၀၄။ လူတို့နှင့်လည်းကောင်း ရဟန်းတို့နှင့်လည်းကောင်း နှစ်ပါးစုံသောသူတို့နှင့် မရောယှက်သော တဏှာကင်း ကြောင်း အကျင့်ရှိသည်ဖြစ်၍ အလိုနည်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၀၅။ အကြင်ပုဂ္ဂိုလ်သည် ထိပ်လန့်တတ်သော ပုထုဇဉ်သေက္ခပုဂ္ဂိုလ်တို့၌ လည်းကောင်း၊ မကြောက်မလန့် တည်တံ့သော ရဟန္တာပုဂ္ဂိုလ်တို့၌လည်းကောင်း တုတ်လက်နက်ကို ပယ်ချထားပြီးဖြစ်၍ မိမိလည်းမသတ် သူတစ်ပါးကိုလည်းမသတ်စေ၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၄၀၆။ ဆန့်ကျင်ဘက်ပြုသူတို့၌ မဆန့်ကျင်သော ဓားတုတ်ရှိသောသူတို့၌ ဓားတုတ် ချထားပြီးသည်ဖြစ်၍ ရန်ငြိမ်းသော စွဲလမ်းအပ်သောအရာတို့၌ စွဲလမ်းခြင်းမရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၀၇။ မုန်ညင်းစေ့သည် ပွတ်ဆောက် စူးဖျားမှ လျောကျသကဲ့သို့ စွဲမက်မှုရာဂ အမျက်ထွက်မှုဒေါသ ထောင်လွှားမှုမာန သူတစ်ပါး၏ဂုဏ်ကို ဖျက်စီးမှုမက္ခတို့ ကင်းပလျှောကျပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၀၈။ နူးညံ့ပြေပြစ်၍ သဘောအဓိပ္ပါယ်ပေါ်လွင်စေသော မှန်သောစကားကို ပြောဆိုရာ၏၊ မည်သည့် တစ်စုံတစ်ယောက်ကိုမျှ အမျက်ဒေါသဖြင့် မထိခိုက် မငြိစွန်းစေရာ၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၀၉။ လောက၌ ပိုင်ရှင်မပေးသောဥစ္စာကို ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မခိုးယူသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၁၀။ အကြင်ပုဂ္ဂိုလ်အား ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း မက်မောမှု တဏှာမရှိကုန်၊ မက်မောမှု အာသာကင်း၍ ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၁၁။ အကြင်ပုဂ္ဂိုလ်အား ကပ်ငြိတွယ်တာခြင်းတို့မရှိကုန်၊ တရားမှန်ကိုသိ၍ သို့လော သို့လောဟု တွေးတောခြင်းမရှိ၊ အမြိုက်နိဗ္ဗာန်သို့ရောက်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၁၂။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်ကံ နှစ်ပါးစုံတို့ကို လည်းကောင်း၊ ကပ်ငြိတတ်သော တဏှာကိုလည်းကောင်း လွန်မြောက်၏၊ စိုးရိမ်ခြင်းမရှိသော ကိလေသာမြူ ကင်းသော စင်ကြယ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၁၃။ အညစ်အကြေးကင်းသော လမင်းကဲ့သို့ ကိလေသာမရှိ၍ စင်ကြယ်သော အထူးသဖြင့် ကြည်လင်သော နောက်ကျုခြင်းမှကင်းလျက် ဘ၀တို့၌နှစ်သက်တတ်သည့် တဏှာကုန်ခန်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏ ဟုငါဘုရားဟော၏။ ၄၁၄။ အကြင်ပုဂ္ဂိုလ်သည် ရာဂတည်းဟူသော ဘေးကိုလည်းကောင်း ကိလေသာတည်းဟူသော အသွားခက်သည့် ခရီးကိုလည်းကောင်း၊ သံသရာဟူသော အကူးခက်သည့် သမုဒ္ဒရာကိုလည်းကောင်း၊ မောဟတည်းဟူသော အမိုက်မှောင်ကိုလည်းကောင်း လွန်မြောက်ပြီး၊ သြဃလေးပါးကို ကူးမြောက်ပြီးဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ရောက်၏၊ ကိလေသာတို့ကို ရှို့မြှိုက်လေ့ရှိ၏၊ တဏှာကင်း၍ သို့လော သို့လော တွေးတောမှုမရှိ၊ အစွဲအလမ်းကင်း၍ ငြိမ်းအေး၏၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၁၅။ ဤလောက၌ ထိုပုဂ္ဂိုလ်သည် ကာမတို့ကိုပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်ပြီးသောကာမ ကုန်ပြီးသောဘ၀ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၄၁၆။ ဤလောက၌ ထိုပုဂ္ဂိုလ်သည် တဏှာတို့ကိုပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်ပြီးသောတဏှာ ကုန်ပြီးသောဘ၀ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၄၁၇။ ဤလောက၌ ထိုပုဂ္ဂိုလ်သည် တဏှာတို့ကိုပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်ပြီးသောတဏှာ ကုန်ပြီးသောဘ၀ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၄၁၈။ အကြင်ပုဂ္ဂိုလ်သည် လူ၌ဖြစ်သော အစီးအပွားကိုပယ်စွန့်၍ နတ်၌ဖြစ်သော အစီးအပွားကို လွန်မြောက်၏၊ အလုံးစုံအစီးအပွားနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၄၁၉။ ကာမဂုဏ်၌ မွေ့လျော်ခြင်း ဆိတ်ငြိမ်ရာ၌ မမွေ့လျော်ခြင်းကို ပယ်စွန့်၍ ငြိမ်းအေးပြီးသော ဥပဓိမရှိသော အလုံးစုံ သောလောကကို လွှမ်းမိုး၍တည်သော ရဲရင့်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၂၀။ အကြင်ပုဂ္ဂိုလ်သည် သတ္တ၀ါတို့၏ သေခြင်းကို လည်းကောင်း ပဋိသန္ဓေနေခြင်းကို လည်းကောင်း အလုံးစုံအားဖြင့်သိ၏၊ ကပ်ငြိတွယ်တာခြင်းမရှိသော သူတော်ကောင်းအကျင့်ကို ကောင်းစွာကျင့်၍ သစ္စာ လေးပါးကိုသိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၄၂၁။ အကြင်ပုဂ္ဂိုလ်၏ လားရာဂတိကို နတ် ဂန္ဓဗ္ဗနတ် လူတို့သည်မသိကုန်၊ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၂၂။ အကြင်ပုဂ္ဂိုလ်အား အတိတ်ခန္ဓာ၌ လည်းကောင်း၊ အနာဂတ်ခန္ဓာ၌ လည်းကောင်း၊ ပစ္စုပ္ပန်ခန္ဓာ၌ လည်းကောင်း ကြောင့်ကြမှုမရှိ၊ ကြောင့်ကြမှုမရှိသော စွဲလမ်းမှုကင်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၂၃။ ရှေ့ဆောင်နွားလားဥသဘနှင့်တူသော မြတ်၍ လုံ့လရှိသော သီလက္ခန္ဓစသည်ကို ရှာမှီးလေ့ရှိသော မာရ်သုံးပါးကိုအောင်သော တဏှာကင်းသော ကိလေသာအညစ်အကြေးကို ဆေးလျှော်ပြီးသော သစ္စာလေးပါး ကိုသိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၄၂၄။ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကိုသိ၏၊ နတ်ပြည် ငရဲပြည်ကိုလည်း မြင်၏၊ ပဋိသန္ဓေကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်၏၊ ထူးသောဉာဏ်ဖြင့်သိ၍ နိဗ္ဗာန်သို့ရောက်ပြီးသော ရဟန်းဖြစ်၏၊ အလုံးစုံသော ကိလေသာတို့၏ ကုန်ကြောင်းအကျင့်ကို ကျင့်သုံးအပ်ပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

၂၅။ ဘိက္ခုဝဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၃၆၀။ အကုသိုလ်မဖြစ်ရန် စက္ခုဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ သောတဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။ ၃၆၁။ ကာယဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ ၀စီဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ မနောဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ အလုံးစုံသော ဒွါရတို့၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ စောင့်စည်း ပိတ်ဆို့နိုင်သော ရဟန်းသည် ဆင်းရဲအားလုံးမှ လွတ်မြောက်နိုင်၏။ ၃၆၂။ အကြင်သူသည် လက်ကိုစောင့်စည်း၏၊ ခြေကိုစောင့်စည်း၏၊ နှုတ်ကိုစောင့်စည်း၏၊ တစ်ကိုယ်လုံးကို စောင့်စည်း ၏၊ ကမ္မဋ္ဌာန်းစီးဖြန်းမှု၌ မွေ့လျော်ကာ တည်ကြည်သော စိတ်ရှိ၏၊ တစ်ယောက်တည်းနေ၍ ရရသမျှဖြင့် ရောင့်ရဲနိုင်၏၊ ထိုသူကို ရဟန်းဟူ၍ ဆိုကုန်၏။ ၃၆၃။ အကြင်ရဟန်းသည် နှုတ်ကို စောင့်စည်း၏၊ ပညာဖြင့် ဆင်ခြင်၍ ပြောဆိုလေ့ရှိ၏၊ မပျံ့လွင့်သောစိတ်ရှိ၏၊ အနက်အဓိပ္ပါယ်ကိုလည်းကောင်း၊ ပါဠိကိုလည်းကောင်း ဟောပြတတ်၏၊ ထိုရဟန်းဟောပြသော စကားသည် ချိုမြိန်သာယာ၏။ ၃၆၄။ တရားလျှင်မွေ့လျော်ရာရှိသော တရား၌ မွေ့လျော်တတ်သောတရားကို အဖန်ဖန် ကြံစည်တတ်သော အောက်မေ့ တတ်သော ရဟန်းသည် သူတော်ကောင်းတရားမှ မဆုတ်ယုတ်နိုင်။ ၃၆၅။ မိမိရမည့် လာဘ်လာဘကို မတရားရှာမှီးသောအားဖြင့် စက်ဆုပ်ဖွယ် မဖြစ်စေရာ၊ သူတစ်ပါးတို့၏ လာဘ်လာဘ ကို မနှစ်သက် မတောင့်တရာ၊ သူတစ်ပါးတို့၏ လာဘ်လာဘကို နှစ်သက်သော ရဟန်းသည် တည်ကြည်မှု သမာဓိကို မရနိုင်။ ၃၆၆။ ရဟန်းသည် လာဘ်လာဘနည်းသော်လည်း၊ မိမိ လာဘ်လာဘကို မတရား ရှာမှီးသောအားဖြင့် အကယ်၍ စက်ဆုပ်ဖွယ် မဖြစ်စေခဲ့မူ အသက်မွေးစင်ကြယ်၍ မပျင်းမရိ လုံ့လရှိသော ထိုရဟန်းကို နတ်တို့သည် ဧကန်ချီးမွမ်းကုန်၏။ ၃၆၇။ အကြင်ပုဂ္ဂိုလ်အား နာမ်တရား ရုပ်တရားအားလုံး၌ ငါ ငါ၏ဥစ္စာဟု မြတ်နိုးစွဲလမ်းမှု မရှိ၊ ထိုနာမ်ရုပ် ပျက်စီး သော်လည်း မစိုးရိမ်၊ ထိုပုဂ္ဂိုလ်ကို ဘိက္ခုအစစ်ဟူ၍ ဆိုအပ်၏။ ၃၆၈။ မေတ္တာတရားကို ပွားများလေ့ရှိသော၊ မြတ်စွာဘုရားသာသနာတော်၌ ကြည်ညိုသော ရဟန်းသည် သင်္ခါရ တို့၏ငြိမ်းရာ ငြိမ်သက်ချမ်းအေးသော နိဗ္ဗာန်ကို ရနိုင်၏။ ၃၆၉။ ရဟန်း ဤခန္ဓာကိုယ်တည်းဟူသောလှေမှ မိစ္ဆာဝိတက်ဟူသော ရေကို ပက်ထုတ်လော့၊ ထိုသို့ ပက်ထုတ်လျှင် သင်၏ ခန္ဓာကိုယ်တည်းဟူသော လှေသည် လျင်စွာသွားနိုင်လတ္တံ့၊ ရာဂ ဒေါသကို ပယ်ဖြတ်နိုင်လျှင် နိဗ္ဗာန်သို့ ရောက်လတ္တံ့။ ၃၇၀။ အောက်ပိုင်းသံယောဇဉ် ငါးပါးကို ဖြတ်ရာ၏၊ အထက်ပိုင်းသံယောဇဉ် ငါးပါးကိုစွန့်ရာ၏၊ သဒ္ဓါစသော ငါးပါး သောတရားတို့ကို အလွန်ပွားရာ၏၊ လောဘစသော ငြိတွယ်ခြင်းငါးပါးမှ လွန်မြောက်သော ရဟန်းကို သံသရာ ၀ဲ သြဃကို ကူးမြောက်ပြီးသူ ဟူ၍ ဆိုအပ်၏။ ၃၇၁။ ရဟန်း အနိစ္စစသည်ဖြင့်ရှုလော့၊ မမေ့လျော့လင့်၊ သင်၏စိတ်ကို ကာမဂုဏ်၌ မမွေ့လျော်စေလင့်၊ မေ့လျော့၍ သံတွေခဲကို မမျိုလင့်၊ လောင်သည်ရှိသော် ဤသို့အလောင်ခံရခြင်းသည် ဆင်းရဲလေစွဟု မငိုကြွေးလင့်။ ၃၇၂။ ပညာမရှိသူအား သမာဓိဈာန်မရှိ၊ သမာဓိဈာန်မရှိသူအား ၀ိပဿနာပညာမရှိ၊ ထိုပုဂ္ဂိုလ်၌ သမာဓိဈာန် လည်းကောင်း၊ ၀ိပဿနာပညာသည်လည်းကောင်း ရှိ၏၊ ထိုသူသည် နိဗ္ဗာန်နှင့် ဧကန်နီးတော့၏။ ၃၇၃။ ဆိတ်ငြိမ်ရာအရပ်သို့ ၀င်ရောက်၍ ကောင်းစွာတရားကို ရှုမှတ်သော ငြိမ်သက်သောစိတ်ရှိသောရဟန်းအား လူသာမန်တို့နှင့် မထိုက်သော ၀ိပဿနာဈာန်စသော တရား၌ မွေ့လျော်ခြင်းသည်ဖြစ်၏။ ၃၇၄။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သုံးသပ်ဆင်ခြင်တိုင်း နှစ်သက်မှုပီတိ ၀မ်းမြောက်မှုပါမောဇ္ဇကို ရ၏၊ ထို နှစ်သက်ဝမ်းမြောက်မှုသည်ပင် တရားမှန်ကိုသိသော ပညာရှိတို့အတွက် နိဗ္ဗာန်ရောက်ကြောင်းပင်တည်း။ ၃၇၅။ ဤသာသနာတော်၌ ဣနြေ္ဒကိုစောင့်ထိန်းမှု အာဇီဝ ပစ္စယနှစ်ပါး၌ရောင့်ရဲမှု ပါတိမောက္ခ သီလ၌ စောင့်စည်းမှု စတုပါရိသုဒ္ဓိသီလလေးပါးသည် ပညာရှိ ရဟန်းအတွက် ထိုနိဗ္ဗာန်ရောက်ကြောင်း အကျင့်၌ အဦးအစ ဖြစ်၏။ ၃၇၆။ စင်ကြယ်သော အသက်မွေးခြင်းရှိ၍ မပျင်းရိသော မိတ်ဆွေကောင်းတို့ကို ဆည်းကပ်လော့၊ အာမိသဓမ္မ ပဋိ သန္ထာရနှစ်ပါးတို့နှင့် ပြည့်စုံစေရာ၏၊ ကျင့်ဝတ်သီလတို့၌ လိမ္မာရာ၏၊ ထိုဆိုခဲ့ပြီးသော အကြောင်းတို့ကြောင့် ၀မ်းမြောက် မှုများသည်ဖြစ်၍ ဆင်းရဲ၏အဆုံးကို ပြုလတ္တံ့။ ၃၇၇။ ရဟန်းတို့ မုလေးပန်းပင်တို့သည် ရင့်ရော်ညှိုးနွမ်းကုန်သော ပန်းပွင့်တို့ကို စွန့်လွတ်ဘိ သကဲ့သို့ ဤအတူ သင်တို့ သည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ စွန့်လွှတ်ကြကုန်လော့။ ၃၇၈။ ကောင်းစွာ တည်ကြည်သည်ဖြစ်၍ ငြိမ်သက်သောကိုယ် ငြိမ်သက်သောနှုတ် ငြိမ်သက်သော စိတ်ရှိသော လော ကီစည်းစိမ် အရှိန်အစော်စသည်ကို ထွေးအန်ပြီးသောရဟန်းကို ငြိမ်းအေးသော ရဟန်းဟူ၍ ဆိုအပ်၏။ ၃၇၉။ ရဟန်း မိမိကိုယ်ကို မိမိကိုယ်တိုင် စောကြောစစ်ဆေးလေလော့၊ မိမိကိုယ်ကို မိမိကိုယ်တိုင် ဆင်ခြင်လေလော့၊ မိမိကိုယ်ကို မိမိကိုယ်တိုင် စောင့်ရှောက်သည်ဖြစ်၍ သတိရှိသောသင်သည် ချမ်းသာစွာ နေရလတ္တံ့။ ၃၈၀။ မိမိသည်သာလျှင် မိမိကိုးကွယ်ရာဖြစ်၏၊ တစ်ပါးသောသူသည် အဘယ်မှာ ကိုးကွယ်ရာ ဖြစ်နိုင်အံ့နည်း၊ မိမိသည် သာလျှင် မိမိ၏ လဲလျောင်းရာဖြစ်၏၊ ထို့ကြောင့် မြင်းကုန်သည်သည် အမျိုးကောင်းမြင်းကို စောင့်ရှောက်သကဲ့သို့ မိမိကိုယ်ကို စောင့်ရှောက်လေလော့။ ၃၈၁။ မြတ်စွာဘုရား၏ သာသနာတော်၌ ကြည်ညိုမြတ်နိုး၍ ၀မ်းမြောက်ခြင်းများသော ရဟန်းသည် သင်္ခါရတို့၏ငြိမ်းရာ ငြိမ်သက်ချမ်းမြေ့သော နိဗ္ဗာန်ကို ရရာ၏။ ၃၈၂။ အကြင်ရဟန်းသည် ငယ်ရွယ်သော်လည်း မြတ်စွာဘုရားသာသနာတော်၌ စင်စစ် လုံ့လ ကြိုးကုတ်အားထုတ်၏၊ ထိုရဟန်းသည် တိမ်တိုက်မှလွတ်သော လမင်းကဲ့သို့ ဤလောကကို ထွန်းလင်းတောက်ပစေ၏။

၂၄။ တဏှာဝဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၃၃၄။ မေ့လျော့သောသတ္တ၀ါအား မာလောပေါက်နွယ်ကဲ့သို့ တဏှာတိုးပွား၏၊ သစ်သီးကိုအလိုရှိသောမျောက်သည် တောတွင်း၌ တစ်ပင်မှတစ်ပင် ခုန်လွှားကူးသန်းသကဲ့သို့ ထို တဏှာတိုးပွားသူသည် တစ်ဘ၀မှ တစ်ဘ၀သို့ ပြေးသွားရာ၏။ ၃၃၅။ ပြိတ်မြက်သည် မိုးရွာသောအခါ ကြီးပွားသကဲ့သို့ လောက၌ ကပ်ငြိတွယ်တာ၍ ယုတ်မာသော ဤတဏှာ ညှဉ်းဆဲခံရသူအား စိုးရိမ်ကြောင့်ကြမှုတို့သည် ကြီးပွားကုန်၏။ ၃၃၆။ ရေပေါက်သည် ကြာရွက်မှ လျောကျသကဲ့သို့ လောက၌ လွန်ဆန်နိုင်ခဲသော ယုတ်မာသော ထိုတဏှာကို ညှဉ်းဆဲနိုင်ခဲ့မူ ထိုပုဂ္ဂိုလ်သဏ္ဌန်မှ စိုးရိမ်ကြောင့်ကြမှုတို့သည် လျောကျကုန်၏။ ၃၃၇။ ထို့ကြောင့် ဤအရပ်၌ အညီအညွတ် စည်းဝေးလာကြကုန်သော သင်တို့အား ငါသည် ကောင်းသောစကားကို ဟောအံ့၊ ပန်းရင်းခေါ်သောပြိတ်မြက်၏အမြစ်ကို အလိုရှိသူသည် ပြိတ်မြက်ပင်ကို တူးရသကဲ့သို့ နိဗ္ဗာန်ကို အလိုရှိသူသည် တဏှာ၏ အမြစ်အရင်းကိုတူးပစ်ကြကုန်လော့၊ ရေအလျင်သည် ကျူပင်ကို ဖျက်ဆီးသကဲ့သို့ ကိလေသာမာရ်သည် သင်တို့ကို အဖန်တလဲလဲ မဖျက်ဆီးစေလင့်။ ၃၃၈။ ရေသောက်မြစ်ကို မဖျက်ဆီးဘဲ မနုတ်ဘဲ ပင်စည်ကိုဖြတ်သော်လည်း သစ်ပင်သည် တစ်ဖန် ပေါက်ရောက် စည်ကားပြန်သကဲ့သို့ ဤအတူ ကိန်းအောင်းနေသော တဏှာကို မဖျက်ဆီးအပ်သေးသည်ရှိသော် ဤပဋိသန္ဓေ နေရခြင်းစသော ဆင်းရဲသည် အဖန်ဖန်အထပ်ထပ် ဖြစ်ရ၏။ ၃၃၉။ အကြင်ပုဂ္ဂိုလ်အား ပြင်းပြင်းထန်ထန် နှစ်သက်ဖွယ်အာရုံတို့သို့ စီးကုန်သော သုံးဆယ့်ခြောက်ပါးသော တဏှာရေအလျဉ်တို့သည် ရှိကုန်၏၊ မှားသောအယူရှိသော ထိုသူတို့ကို ရာဂနှင့်စပ်သော အားကြီးသော အကြံအစည်တို့သည် ဆောင်ယူသွားကုန်၏။ ၃၄၀။ တဏှာတည်းဟူသော ရေအလျဉ်တို့သည် အလုံးစုံသော အာရုံတို့၌ ယိုစီးကုန်၏၊ တဏှာတည်းဟူသော နွယ်သည် ဒွါရခြောက်ပါး၌ဖြစ်၍ အာရုံခြောက်ပါး၌တည်၏၊ ထိုတဏှာတည်းဟူသောနွယ်ကို မြင်၍ ထိုတဏှာ နွယ်မြစ်ကို မဂ်ပညာဖြင့် ဖြတ်ကြကုန်လော့။ ၃၄၁။ သတ္တ၀ါတို့အား အောက်မေ့ခြင်း ချစ်ခြင်း ၀မ်းမြောက်ခြင်းတို့သည် ဖြစ်ကုန်၏၊ ထိုသူတို့သည် သာယာဖွယ် ၌မှီကုန်လျက် ကာမချမ်းသာကို ရှာမှီးကုန်သည်ဖြစ်၍ ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မုချကပ်ရောက်ကြရကုန်၏။ ၃၄၂။ တဏှာဖြင့် ၀န်းဝိုင်းခြံရံအပ်ကုန်သော သတ္တ၀ါတို့သည် မုဆိုးကျော့ကွင်း၌မိသော ယုန်ကဲ့သို့ ကြောက်ရွံထိတ်လန့် နေကြရကုန်၏၊ ကာမရာဂစသော သံယောဇဉ်အစေးဖြင့် ကပ်ငြိကုန်သောသူတို့သည် အဖန်တလဲလဲ ပဋိသန္ဓေနေခြင်း စသော ဆင်းရဲကို ကပ်ရောက်ကြကုန်၏။ ၃၄၃။ တဏှာဖြင့် ၀န်းဝိုင်းခြံရံအပ်ကုန်သော သတ္တ၀ါတို့သည် မုဆိုးကျော့ကွင်း၌မိသော ယုန်ကဲ့သို့ ကြောက်ရွံထိတ်လန့် နေကြရကုန်၏၊ ထို့ကြောင့် ရာဂကင်းခြင်းကို တောင့်တသောသူသည် တဏှာကို ပယ်ဖျောက်ရာ၏။ ၃၄၄။ အကြင်သူသည် လူ့အဖြစ်၌နေခြင်းဟူသော တောကိုစွန့်၍ အကျင့်တည်းဟူသောတောသို့ သက်ဝင်ခဲ့၏။ အိမ်ရာထောင်မှု တဏှာတောမှ လွတ်ပြီးလျက် အိမ်ရာထောင်မှု တဏှာတောသို့ပင် ပြေးဝင်ပြန်၏၊ လာကြကုန်လော့၊ ထိုပုဂ္ဂိုလ်ကို ရှုကြကုန်လော့၊ အိမ်ရာထောင်မှု အနှောင်အဖွဲ့မှလွတ်ပြီးလျက် အိမ်ရာထောင်မှု အနှောင်အဖွဲ့သို့သာလျှင် ပြေးဝင်၏။ ၃၄၅-၃၄၆။ သံဖြင့်ပြုလုပ်သော သံခြေကျဉ်းစသော အနှောင်အဖွဲ့ သစ်သားဖြင့်လုပ်သော ထိတ်တုံးစသော အနှောင်အဖွဲ့ မြက်လျှော်တို့ဖြင့်ပြုလုပ်သော ကြိုးစသော အနှောင်အဖွဲ့မျိုးတို့ကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့ မဆိုကြကုန်၊ ပတ္တမြား နားတောင်းစသော ရတနာတို့၌ လည်းကောင်း၊ သားသမီး မယားတို့၌ အလွန်တပ်မက်သော ငဲ့ကွက်မှု တဏှာအနှောင်အဖွဲ့ကို ရုန်းဖြတ်၍၊ မငဲ့ကွက်ဘဲ ကာမချမ်းသာကိုစွန့်လျက် တောထွက်ကြကုန်၏။ ၃၄၇။ ပင့်ကူသည် မိမိပြုသော ပိုက်ကွန်၌ အိပ်သကဲ့သို့ သတ္တ၀ါတို့သည် ပြင်းစွာတပ်မက်ကုန်သည်ဖြစ်၍ မိမိတို့ပြုသော တဏှာအလျဉ်သို့ကျကုန်၏၊ ပညာရှိတို့သည် ဤတဏှာကိုဖြတ်၍ မငဲ့ကွက်ဘဲ ခပ်သိမ်းသော ဆင်းရဲကိုစွန့်လျက် သွားကုန်၏။ ၃၄၈။ လွန်လေပြီးသောခန္ဓာ၌ တဏှာကိုစွန့်လော့၊ နောင်ဖြစ်ပေါ်မည့်ခန္ဓာ၌ တဏှာကိုစွန့်လော့၊ အလယ်ဖြစ်သော ပစ္စုပ္ပန်ခန္ဓာ၌ တဏှာကိုစွန့်လော့၊ အလုံးစုံ ပစ္စုပ္ပန် အတိတ် အနာဂတ်ခန္ဓာ၌ တဏှာမှလွတ်သော စိတ်ရှိလျက် ဘ၀သုံးပါး၏အဆုံးသို့ ရောက်သည်ဖြစ်၍ တစ်ဖန်အိုခြင်း နာခြင်းသို့ မကပ်လေလင့်။ ၃၄၉။ ကာမ၀ိတက် နှိပ်စက်အပ်သော ထက်သောရာဂရှိသော တင့်တယ်၏ဟု အဖန်ဖန်ရှုသော သတ္တ၀ါအား တဏှာသည် အလွန်တိုးပွားလေ၏၊ ဤသူသည် မာရ်၏အနှောင်အဖွဲ့ကို ခိုင်မြဲအောင် ပြု၏။ ၃၅၀။ အကြင်ပုဂ္ဂိုလ်သည် မိစ္ဆာဝိတက် ငြိမ်းခြင်း၌သာ မွေ့လျော်၏၊ သတိရှိသည်ဖြစ်၍ အခါခပ်သိမ်း အသုဘ အာရုံကိုပွား၏၊ ဤသူသည် မာရ်၏အနှောင်အဖွဲ့ကို ကင်းအောင်ပြု၏၊ မာရ်၏ အနှောင်အဖွဲ့ကိုဖြတ်၏။ ၃၅၁။ ရဟန်းကိစ္စ ပြီးဆုံးခြင်းသို့ ရောက်ပြီးသူသည် ထိတ်လန့်ခြင်းမရှိ၊ တဏှာကင်း၏၊ ကိလေသာကင်း၏၊ ဘ၀သို့ ရောက်ကြောင်း ရာဂစသော ငြောင့်တံသင်းတို့ကို ဖြတ်ပြီးဖြစ်၏၊ ဤခန္ဓာကိုယ်သည် အဆုံးစွန်ဖြစ်၏။ ၃၅၂။ တဏှာကင်းသော၊ စွဲလန်းခြင်းမရှိသော၊ နိရုတ္တိ ပဋိသမ္ဘိဒါ၌ လိမ္မာသော၊ အက္ခရာတို့၏ အပေါင်းကိုလည်း သိသော၊ ရှေ့နောက်အက္ခရာတို့ကိုလည်း သိသော၊ အဆုံးစွန်ဖြစ်သော ကိုယ်ခန္ဓာရှိသော ထိုပုဂ္ဂိုလ်ကို စင်စစ် ကြီးသောပညာရှိသူ ယောက်ျားမြတ်ဟူ၍ ခေါ်ဆိုအပ်၏။ ၃၅၃။ ငါသည် အလုံးစုံတရားတို့ကို နှိမ်နင်း၍တည်၏၊ အလုံးစုံသော တရားသဘောကိုသိ၏၊ အလုံးစုံသော သဘောတရားတို့၌ ကပ်ငြိတွယ်တာခြင်းမရှိ၊ အလုံးစုံသော တေဘုမ္မကတရားကို စွန့်၏၊ တဏှာကုန်ခန်းရာ အရဟတ္တဖိုလ်၌ ကိလေသာမှလွတ်၏၊ ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ အဘယ်သူကို ငါ့ဆရာဟု ညွှန်ပြရအံ့နည်း။ ၃၅၄။ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။ ၃၅၅။ စည်းစိမ်ဥစ္စာတို့သည် ပညာမဲ့သူကို ဖျက်ဆီးကုန်၏၊ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းကို ရှာမှီးသူတို့ကိုကား မဖျက်ဆီးနိုင်ကုန်၊ ပညာမဲ့သူသည် စည်းစိမ်ဥစ္စာ၌ တပ်မက်ခြင်းဖြင့် သူတစ်ပါးတို့ကို ဖျက်ဆီးသကဲ့သို့ မိမိကိုယ်ကို ဖျက်ဆီးတတ်၏။ ၃၅၆။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို ရာဂသည် ဖျက်ဆီး၏၊ ထို့ကြောင့် ရာဂကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။ ၃၅၇။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို ဒေါသသည် ဖျက်ဆီး၏၊ ထို့ကြောင့် ဒေါသကင်းသောပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။ ၃၅၈။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို မောဟသည် ဖျက်ဆီး၏၊ ထို့ကြောင့် မောဟကင်းသောပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။ ၃၅၉။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို အလိုရမက်သည် ဖျက်ဆီး၏၊ ထို့ကြောင့် အလိုရမက်ကင်းသောပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏၊ ဤသတ္တ၀ါအပေါင်းကို တဏှာသည် ဖျက်ဆီး၏၊ ထို့ကြောင့် တဏှာကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။

၂၃။ နာဂ၀ဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၃၂၀။ ဆင်ပြောင်ကြီးသည် စစ်မြေပြင်၌ လေးမှ (မိမိအပေါ်သို့)ကျရောက်လာသောမြားကို မတုန် မလှုပ်ခံသကဲ့သို့ ငါဘုရားသည် လွန်ကျူးစော်ကားသော စကားကို သည်းခံအံ့၊ လောကီဘုံသား လူအများသည် သီလမရှိသည်သာတည်း။ ၃၂၁။ ယဉ်ကျေးပြီးသော ဆင်မြင်းစသည်ကိုသာ လူစုလူဝေးရှိရာ ပွဲသဘင်သို့ဆောင်ကုန်၏၊ ယဉ်ကျေးပြီးသော ဆင်မြင်းစသည်ကိုသာ မင်းသည်စီး၏၊ လွန်ကျူးစော်ကားသောစကားကို သည်းခံနိုင်သောသူသည် ယဉ်ကျေးပြီးဖြစ်၍ လူတို့တွင် အမြတ်ဆုံး ဖြစ်၏။ ၃၂၂။ အဿတိုရ်မြင်းတို့သည် လည်းကောင်း၊ အာဇာနည်မြင်းတို့သည် လည်းကောင်း၊ သိန္ဓောမြင်းတို့သည် လည်းကောင်း၊ ကုဉ္ဇရမည်သော ဆင်ပြောင်ကြီးတို့သည် လည်းကောင်း ယဉ်ကျေးကုန်မှသာလျှင် မြတ်ကုန်၏၊ ကိုယ် စိတ်နှစ်ပါးကို ဆုံးမယဉ်ကျေးပြီးသူသည် ထို မြင်း ဆင်တို့ထက် လွန်မြတ်၏။ ၃၂၃။ ဤပြကတေ့သော ဆင်ယာဉ် မြင်းယာဉ်တို့ဖြင့် မရောက်ဖူးသေးသော နိဗ္ဗာန်အရပ်သို့ မရောက်နိုင်သည်သာတည်း၊ ၀ိပဿနာအခိုက် စက္ခုစသော ဣနြေ္ဒတို့ကို ဆုံးမသဖြင့်လည်းကောင်း၊ မဂ်အခိုက် မိမိစိတ်ကို ကောင်းစွာဆုံးမသဖြင့်လည်းကောင်း ယဉ်ကျေးပြီးသူသည်သာ မရောက်ဖူးသေးသော နိဗ္ဗာန်အရပ်သို့ မုချရောက်နိုင်၏။ ၃၂၄။ ပြင်းထန်စွာ အမုန်ယစ်၍ နှိမ်နင်းရန်ခဲယဉ်းသော ဓနပါလမည်သောဆင်သည် အဖွဲ့အချည် ခံရသဖြင့် အစားအစာကို မစားနိုင်၊ ဆင်သည် မိမိနေရာ ဂန့်ဂေါ်တောကိုသာ အောက်မေ့နေ၏။ ၃၂၅။ ထိုင်းမှိုင်းငိုက်မျဉ်းကာအိပ်လျက် အစားကြီးသော ၀က်ကြီးကဲ့သို့ တလူးလူး တလဲလဲ အိပ်လေ့ရှိသည့် ပညာနုံ့သူသည် (အနိစ္စ အစရှိသော လက္ခဏာတို့ကို မဆင်ခြင်နိုင်သောကြောင့်) အဖန်ဖန်တလဲလဲ အမိဝမ်း၌ ပဋိသန္ဓေနေရ၏။ ၃၂၆။ ဤစိတ်သည် ရှေးအခါက လိုရာအာရုံကို လိုက်စားလျက် အလိုရှိတိုင်း ကောင်းနိုးရာရာ လှည့်လည်ကျက်စား ခဲ့လေပြီ၊ ချွန်းကိုင်သော ဆင်ထိန်းသည် အမုန်ယစ်သောဆင်ကို နှိပ်ဘိ သကဲ့သို့ ငါသည် ယခုထိုစိတ်ကို အသင့်အတင့် နှလုံးသွင်းခြင်းဖြင့် နှိပ်ပေအံ့။ ၃၂၇။ မမေ့မလျော့သော အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊ မိမိစိတ်ကို စောင့်ရှောက်ကြကုန်လော့၊ ညွန်၌ ကျွံနစ်သောဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှထုတ်သကဲ့သို့ သင်တို့သည် ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်နုတ်ကြကုန်လော့။ ၃၂၈။ ပညာရင့်၍ ကောင်းစွာနေထိုင်လေ့ရှိသော တည်ကြည်သော အတူကျင့်ဖော် ပညာရှိ အဆွေခင်ပွန်းကို အကယ်၍ရခဲ့မူ ထိုအဆွေခင်ပွန်းနှင့် အတူတကွ ဘေးရန်အားလုံးတို့ကို နှိပ်နင်းလျက် ၀မ်းမြောက်ဝမ်းသာ သတိရှိစွာ ကျင့်ရာ၏။ ၃၂၉။ ပညာရင့်၍ ကောင်းစွာနေထိုင်လေ့ရှိသော တည်ကြည်သော အတူကျင့်ဖော်ပညာရှိ အဆွေခင်ပွန်းကို အကယ်၍မရခဲ့မူ၊ မင်းသည် နိုင်ပြီးသောတိုင်းပြည်ကိုစွန့်၍ ထွက်သကဲ့သို့ လည်းကောင်း၊ မာတင်္ဂဆင်မင်းသည် တော၌တစ်ကောင်တည်း လှည့်လည်သကဲ့သို့ လည်းကောင်း တစ်ယောက်တည်း ကျင့်ရာ၏။ ၃၃၀။ တစ်ယောက်တည်း ကျင့်ခြင်းသည် မြတ်၏၊ လူမိုက်၌ အဆွေခင်ပွန်း အဖြစ်မျိုးသည် မရှိ၊ မာတင်္ဂဆင်မင်းသည် တော၌တစ်ကောင်တည်း ကြောင့်ကြမဲ့ လှည့်လည်သကဲ့သို့ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကျင့်ရာ၏၊ မကောင်းမှုတို့ကို မပြုရာ။ ၃၃၁။ အဆွေခင်ပွန်း ရှိခြင်းသည် အရေးကိစ္စ ပေါ်ပေါက်လာသောအခါ ချမ်းသာ၏၊ ရရသမျှသော ပစ္စည်းဥစ္စာဖြင့် ရောင့်ရဲခြင်းသည် ချမ်းသာ၏၊ ကုသိုလ်ကောင်းမှု ရှိခြင်းသည် အသက်ကုန်ခါနီး၌ ချမ်းသာ၏၊ ဆင်းရဲအလုံးစုံကို ပယ်ခြင်းသည် ချမ်းသာ၏။ ၃၃၂။ လောက၌ အမိကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်းဖြစ်၏၊ ထို့ပြင် အဖကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်းဖြစ်၏၊ လောက၌ ရဟန်းတို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်းဖြစ်၏၊ ထို့ပြင် မကောင်းမှုမှ အပပြုပြီးသူ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်းဖြစ်၏။ ၃၃၃။ သီလရှိခြင်းသည် အိုသည့်တိုင်အောင် ချမ်းသာ၏၊ သဒ္ဓါတရား တည်တံ့ခိုင်မြဲခြင်းသည် ချမ်းသာ၏၊ ပညာကိုရခြင်းသည် ချမ်းသာ၏၊ မကောင်းမှုကို မပြုခြင်းသည် ချမ်းသာ၏။

၂၂။ နိရယ၀ဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၃၀၆။ မဟုတ်မမှန် ပြောဆိုသူသည်လည်း ငရဲသို့ရောက်ရ၏၊ မိမိပြုလုပ်လျက် မပြုလုပ်ဟု ပြောဆိုသူသည်လည်း ငရဲသို့ရောက်ရ၏၊ ထိုသူနှစ်ယောက်တို့သည်လည်း ယုတ်သောအမှု ရှိကုန်သည်ဖြစ် ၍ နောင်တမလွန်ဘ၀၌ ငရဲခံရခြင်း တူကုန်၏။ ၃၀၇။ ယုတ်မာသော သဘောရှိကုန်သည်ဖြစ်၍ ကိုယ်နှုတ်နှလုံးကို မစောင့်စည်းကုန်သော သင်္ကန်းကို လည်ပင်း၌ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။ ၃၀၈။ သီလလည်းမရှိ ကိုယ် နှုတ် နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည်သားတို့ သဒ္ဓါကြည်ဖြူ ပေးလှူအပ် သောဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက သာ၍ကောင်းမြတ်သေး၏။ ၃၀၉။ တရားလမ်းမှန် သတိမထားဘဲ သူတစ်ပါးသားမယားကို မှီဝဲသူသည် အကုသိုလ်ရခြင်း၊ အလိုရှိတိုင်း ချမ်းသာစွာမအိပ်ရခြင်း၊ သူတစ်ပါးတို့ အကဲ့ရဲ့ခံရခြင်း၊ ငရဲခံရခြင်း ဤလေးပါးသော ဆင်းရဲခြင်း၏ အကြောင်းတို့သို့ ရောက်ရ၏။ ၃၁၀။ မကောင်းမှုကိုလည်းရ၏၊ ယုတ်သောလားရာဂတိလည်းရှိ၏၊ ကြောက်ရွံ့ထိတ်လန့်သော ယောက်ျား၏ ကြောက်ရွံ့ထိတ်လန့်သော မိန်းမနှင့် မွေ့လျော်ပျော်ပါးရခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏၊ မင်းသည်လည်း ကြီးလေးသော အပြစ်ဒဏ်ကိုလည်းပေး၏၊ ထို့ကြောင့်ယောက်ျားသည် သူတစ်ပါးမယားကို မမှီဝဲရာ။ ၃၁၁။ မကောင်းသဖြင့် ကိုင်အပ်သော သမန်းမြက်သည် ကိုင်သောလက်ကိုသာလျှင် ခွဲရှသကဲ့သို့ မကောင်းသဖြင့် ကျင့်သုံးအပ်သော ရဟန်းအဖြစ်သည် ထိုရဟန်းကိုပင် ငရဲသို့ဆွဲချ၏။ ၃၁၂။ လျော့ရဲစွာပြုအပ်သော အမှုကိစ္စတစ်စုံတစ်ခုသည် လည်းကောင်း၊ ညစ်နွမ်းသော အကျင့်သည် လည်းကောင်း၊ ယုံမှားတွေးတောဖွယ်ဖြစ်သော ရဟန်းအကျင့်သည် လည်းကောင်း အကျိုးမကြီးချေ။ ၃၁၃။ အမှုကိစ္စကို ပြုလုပ်ခဲ့မူ ထိုအမှုကိစ္စကို တိကျစွာ ပြုလုပ်ရာ၏၊ ထိုအမှုကိစ္စကို မြဲမြံစွာအား ထုတ်ရာ၏၊ လျော့ရဲစွာပြုအပ်သော ရဟန်းအဖြစ်သည် ကိလေသာမြူကို ထပ်လောင်းကြဲဖြန့်တတ်၏။ ၃၁၄။ မကောင်းမှုကို မပြုခြင်းသည်မြတ်၏၊ မကောင်းမှုသည် နောင်အခါ ပူပန်စေတတ်၏၊ ကောင်းမှုကို ပြုခြင်းသည်ကား မြတ်၏၊ ယင်းကောင်းမှုကို ပြုခြင်းကြောင့် နောင်တတစ်ဖန် မပူပန်ရ။ ၃၁၅။ တိုင်းပြည်အစွန်ဖြစ်သောမြို့ကို အတွင်းအပြင်နှင့်တကွ လုံခြုံစေသကဲ့သို့ ထို့အတူ မိမိကိုယ်ကို အတွင်းအပြင် လုံခြုံအောင် စောင့်ရှောက်ကုန်လော့၊ သင်တို့ကို ဘုရားပွင့်ခြင်းစသော အခွင့်အခါကောင်းသည် မလွန်ပါစေလင့်၊ အခွင့်အခါကောင်းကို လွန်သူတို့သည် ငရဲ၌ ကျရောက်ကုန်သည်ဖြစ်၍ စိုးရိမ်ကြရကုန်၏။ ၃၁၆။ ရှက်ဖွယ်မဟုတ်ရာ၌ ရှက်တတ်၍ ရှက်ဖွယ်ဟုတ်ရာ၌ မရှက်တတ်ကုန်သော မှားသောအယူရှိသော သတ္တ၀ါတို့သည် ဒုဂ္ဂတိဘ၀သို့ ရောက်ရကုန်၏။ ၃၁၇။ ကြောက်ဖွယ်မဟုတ်သည်၌ ကြောက်ဖွယ်ဟု ရှုလေ့ရှိကြကုန်၍ ကြောက်ဖွယ်ဟုတ်သည်၌ ကြောက်ဖွယ် မဟုတ်ဟု ရှုလေ့ရှိကုန်သော မှားသောအယူရှိသော သတ္တ၀ါတို့သည် ဒုဂ္ဂတိဘ၀သို့ ရောက်ရကုန်၏။ ၃၁၈။ အပြစ်မဟုတ်သည်၌ အပြစ်ဟု အယူရှိကြကုန်၍ အပြစ်ဟုတ်သည်၌လည်း အပြစ်မဟုတ်ဟု ရှုလေ့ရှိကုန်သော မှားသောအယူရှိသော သတ္တ၀ါတို့သည် ဒုဂ္ဂတိဘ၀သို့ ရောက်ရကုန်၏။ ၃၁၉။ အပြစ်ကိုအပြစ်ဟု အပြစ်မဟုတ်သည်ကို အပြစ်မဟုတ်ဟု သိကြကုန်သောကြောင့် ကောင်းသောအယူ ရှိကုန်သော သတ္တ၀ါတို့သည် သုဂတိဘ၀သို့ ရောက်ရကုန်၏။

၂၁။ ပကိဏ္ဏက၀ဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၂၉၀။ အနည်းငယ်သော ချမ်းသာကို စွန့်လွတ်ခြင်းကြောင့် ကြီးကျယ်ပြန့်ပြောသောချမ်းသာကို ရလိမ့်မည်ဟု မြင်ခဲ့မူ ကြီးကျယ်ပြန့်ပြောသော ချမ်းသာကိုမြင်သော ပညာရှိသည် အနည်းငယ်သောချမ်းသာကို စွန့်လွှတ်ရာ၏။ ၂၉၁။ သူတစ်ပါးအား ဆင်းရဲကိုဖြစ်စေလျက် မိမိ၏ချမ်းသာကို အလိုရှိသူသည် ရန်ကိုရန်ချင်း ရောနှောသောအားဖြင့် ရောနှောခြင်း ဖြစ်ရကား ရန်မှမလွတ်နိုင်။ ၂၉၂။ ပြုသင့်ပြုထိုက်သောအမှုကို မပြုလုပ်ဘဲစွန့်ပစ်၍ မပြုသင့် မပြုထိုက်သော အမှုကိုမူကား ပြုလုပ်ကာ မာန ထောင်လွှားလျက် မေ့လျော့သူတို့အား အာသဝေါတရားတို့ တိုးပွားကုန်၏။ ၂၉၃။ အကြင်သူတို့ကား ကာယဂတာသတိကို အမြဲကောင်းစွာ အားထုတ်ကြကုန်၏၊ ထိုသူတို့သည် မပြုသင့် မပြုထိုက်သောအမှုကိုမပြု မမှီဝဲကုန်၊ ပြုသင့်ပြုထိုက်သောအမှု၌ မပြတ်ပြုလုပ်ကြကုန်၏။ သတိရှိသူ ကောင်းစွာ အပြားအားဖြင့်သိမှု သမ္ပဇဉ်ဉာဏ်ရှိသူတို့အား အာသဝေါတရားတို့ ချုပ်ခြင်းသို့ရောက်ကုန်၏။ ၂၉၄။ ရဟန္တာပုဂ္ဂိုလ်သည် တဏှာတည်းဟူသော အမိကို လည်းကောင်း၊ မာနတည်းဟူသော အဖကို လည်းကောင်း၊ သတ်ပြီးလျှင် သဿတဒိဋ္ဌိတည်းဟူသော ရေမြေအရှင် ဘုရင်မင်းမြတ်နှစ်ပါးတို့ကို လည်းကောင်း၊ နန္ဒီရာဂ တည်းဟူသော အခွန်သိမ်း အမတ်နှင့်တကွ အာယတန တစ်ဆယ့်နှစ်ပါးတည်းဟူသော တိုင်းပြည်ကို လည်းကောင်း သတ်ခြင်းကြောင့် ဆင်းရဲကင်းလျက်သွားရ၏။ ၂၉၅။ ရဟန္တာပုဂ္ဂိုလ်သည် တဏှာတည်းဟူသော အမိကို လည်းကောင်း၊ မာနတည်းဟူသော အဖကို လည်းကောင်း၊ သတ်ပြီးလျှင် သဿတဒိဋ္ဌိတည်းဟူသော မင်းပုဏ္ဏားနှစ်ပါးတို့ကို လည်းကောင်း သတ်သောကြောင့် ကျားရဲရှိ သောခရီးနှင့်တူသော ၀ိစိကိစ္ဆာလျှင် ငါးခုမြောက် နီဝရဏ အတားအဆီးကို ပယ်ဖျက်ကာ ဆင်းရဲကင်းလျက် သွားရ၏။ ၂၉၆။ နေ့ရောညဥ့်ပါ အမြဲမပြတ် ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့်တို့ သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။ ၂၉၇။ နေ့ရောညဥ့်ပါ အမြဲမပြတ် တရားဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့် တို့သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။ ၂၉၈။ နေ့ရောညဥ့်ပါ အမြဲမပြတ် သံဃာဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့် တို့သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။ ၂၉၉။ နေ့ရောညဥ့်ပါ အမြဲမပြတ် သုံးဆယ့်နှစ်ကောဋ္ဌာသကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။ ၃၀၀။ နေ့ရောညဥ့်ပါ မညှဉ်းဆဲမှု ကရုဏာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။ ၃၀၁။ နေ့ရောညဥ့်ပါ မေတ္တာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။ ၃၀၂။ စည်းစိမ်ဥစ္စာကို စွန့်လွှတ်၍ ရဟန်းပြုနိုင်ခဲ၏၊ သူတော်အကျင့်၌ မွေ့လျော်နိုင်ခဲ၏၊ အိမ်၌ မပြည့်မစုံ နေရခြင်း သည် ဆင်းရဲ၏၊ သဘောမတူသူတို့နှင့် နေရခြင်းသည် ဆင်းရဲ၏၊ သံသရာ ခရီးသွားရခြင်းသည် ဆင်းရဲသို့ ကျတတ်၏၊ ထို့ကြောင့် သံသရာခရီးသွား မဖြစ်ရာ၊ ဆင်းရဲသို့ ကျရောက်သူ မဖြစ်ရာ။ ၃၀၃။ သဒ္ဓါတရားလည်းရှိ သီလလည်းပြည့်စုံ အခြံအရံ စည်းစိမ်ဥစ္စာနှင့်လည်း ပြည့်စုံသူသည် ရောက်လေရာရာ အရပ်တို့၌ အပူဇော်ခံရ၏။ ၃၀၄။ ဟိမ၀န္တာတောင်သည် အဝေး၌တည်သော်လည်း ထင်ရှားသကဲ့သို့ သူတော်ကောင်းတို့သည် အဝေး၌ပင် နေသော်လည်း ထင်ရှားကုန်၏၊ ညဥ့်အခါ ပစ်လိုက်သည့် မြားတို့သည် မထင်ရှားကုန်သကဲ့သို့ သူယုတ်မာတို့သည် အနီး၌ ရှိနေကြကုန်သော်လည်း မထင်ရှားကုန်။ ၃၀၅။ မပျင်းမရိမူ၍ တစ်ယောက်တည်းနေ တစ်ယောက်တည်းအိပ် တစ်ယောက်တည်း လှည့်လည် သွားလာလျက် မိမိကိုယ်ကို ဆုံးမပြီးလျှင် တစ်ယောက်တည်း တောင်၌ မွေ့လျော်ရာ၏။

၂၀။ မဂ္ဂ၀ဂ္ဂ ၂၇၃။ လမ်းခရီးအားလုံးတွင် အင်္ဂါရှစ်ပါးရှိသော လမ်းခရီးမဂ်သည် အမြတ်ဆုံးဖြစ်၏၊ သစ္စာအားလုံးတို့တွင် အရိယသစ္စာလေးပါးသည် အမြတ်ဆုံးဖြစ်၏၊ သဘောတရားအားလုံးတို့တွင် ရာဂကင်းရာ နိဗ္ဗာန်သည် အမြတ်ဆုံးဖြစ်၏၊ အခြေနှစ်ချောင်းရှိသော သတ္တ၀ါအားလုံးတို့တွင် မျက်စိငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်၏။ ၂၇၄။ ဤအင်္ဂါရှစ်ပါးရှိသော လမ်းခရီးမဂ်သည်သာလျှင် ဉာဏ်အမြင် စင်ကြယ်ခြင်းအတွက် ခရီးမှန်ဖြစ်၏၊ ဤလမ်းခရီးမဂ်မှ တစ်ပါးသောခရီးသည် မရှိတော့ပြီ၊ ထို့ကြောင့် သင်တို့သည် ဤခရီးမှန်ကိုသာ သွားကြကုန်လော့၊ ဤခရီးမှန်သည် မာရ်မင်းမမြင်နိုင်သော လမ်းခရီးတည်း။ ၂၇၅။ သင်တို့သည် ဤမဂ်ဟူသောလမ်းမှန်ကို သွားကြကုန်သည်ရှိသော် ဆင်းရဲအဆုံးကို ပြုရကုန်လတ္တံ့၊ ငါသည် ရာဂစသော ဆူးငြောင့်ကင်းသောလမ်းမှန်ကို ကိုယ်တိုင်သိ၍ သင်တို့ အား မဂ်ဟူသောလမ်းမှန်ကို ညွှန်ကြားအပ်ပြီ။ ၂၇၆။ သင်တို့သည် ကိုယ်တိုင်ပြုဖွယ်ကိစ္စကို အားထုတ်ကြကုန်လော့၊ ဘုရားရှင်တို့သည် လမ်းမှန်ကို ညွှန်ကြားရုံမျှ ဖြစ်ကုန်၏၊ ကျင့်ကြကုန်၍ ကိလေသာကို ရှို့မြှိုက်ကြသူတို့သည်သာ မာရ်မင်း အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကုန်၏။ ၂၇၇။ အကြင်အခါ ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးတို့သည် အမြဲမရှိကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။ ၂၇၈။ အကြင်အခါ ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးတို့သည် ဆင်းရဲကုန်၏ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။ ၂၇၉။ အကြင်အခါ သဘာဝတရားအားလုံးတို့သည် အတ္တ မဟုတ်ကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။ ၂၈၀။ ပျိုမျစ်နုထွား ခွန်အားနှင့်ပြည့်စုံပါသော်လည်း ထကြွသင့်သောအခါ၌ ထကြွမှုလုံ့လမရှိဘဲ ပျင်းရိထိုင်းမှိုင်းလျက် စိတ်အကြံဝိတက်များ၍ အလွန်ပျင်းရိသူသည် ပညာဖြင့်သာ ရယူနိုင်သော အရိယမဂ်ကို မရနိုင်။ ၂၈၁။ ၀စီဒုစရိုက်ကို ကောင်းစွာရှောင်ကြဉ်ခြင်းအားဖြင့် နှုတ်ကိုအစဉ် စောင့်ရှောက်ရာ၏၊ စိတ်ဖြင့် မနောဒုစရိုက်ကို စောင့်စည်းရာ၏၊ ကိုယ်ဖြင့်လည်း အကုသိုလ်ကိုမပြုရာ၊ ထိုကမ္မပထတရား သုံးပါးတို့ကို သုတ်သင်ပြီးလျှင် မြတ်စွာဘုရားဟောကြားအပ်သော မဂ်ကိုပြီးစေရာ၏။ ၂၈၂။ ကမ္မဋ္ဌာန်းအာရုံ၌ အားထုတ်မှုလုံ့လကြောင့် ပညာဖြစ်ပွား၏၊ အားထုတ်မှု လုံ့လမရှိခြင်း ကြောင့် ပညာကုန်ခန်း၏၊ ပညာဖြစ်ပွားခြင်း ပညာဆုတ်ယုတ်ခြင်း၏ ဤခရီးလမ်းနှစ်သွယ်ကို သိ၍ အကြင်လမ်းဖြင့် ပညာတိုးပွား၏၊ ထိုလမ်းဖြင့် မိမိကိုယ်ကို သိမ်းသွင်းရာ၏။ ၂၈၃။ ရဟန်းတို့ တဏှာတည်းဟူသောတောကို ခုတ်ဖြတ် ကြကုန်လော့၊ ပြကတေ့သစ်ပင်ကို မခုတ်ဖြတ်ကုန်လင့်၊ တဏှာဟူသောတောကြောင့် ဇာတိစသောဘေး ဖြစ်၏၊ တဏှာဟူသော တောကြီးတောငယ်ကို ခုတ်ဖြတ်၍ တဏှာဟူသောတောမှ ထွက်မြောက်ကြကုန်လော့။ ၂၈၄။ နို့မခွဲသေးသော နွားငယ်သည် အမိနွားမသို့ ကပ်သကဲ့သို့ ယောက်ျားအား မိန်းမတို့၌ အနည်းငယ်မျှသော ကိလေသာတော မပြတ်သေးသမျှ ထိုယောက်ျားသည် ကပ်ငြိသောစိတ်ရှိသည် ဖြစ်၍သာလျှင် သံသရာသို့ ကပ်ရောက်၏။ ၂၈၅။ တန်ဆောင်မုန်းလရာသီ၌ လရောင်ကြောင့်ပွင့်သော ကုမုဒြာကြာပန်းကို လက်ဖြင့်ဖြတ်သကဲ့သို့ မိမိ၏ချစ်ခြင်းတဏှာကို ဖြတ်လော့၊ မြတ်စွာဘုရားသည် နိဗ္ဗာန်ကိုသာ ဟောတော်မူအပ်၏၊ နိဗ္ဗာန်သို့ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ် တရားကိုသာလျှင် ပွားများလေလော့။ ၂၈၆။ ဤအရပ်၌ မိုးအခါပတ်လုံးငါနေမည်၊ ဤအရပ်၌ ဆောင်းအခါ နွေအခါတို့ပတ်လုံး ငါနေမည်ဟု လူမိုက်သည် အထူးထူးအထွေထွေ ကြံစည်၏၊ ဘယ်အခါ ဘယ်အရပ်မှာ ငါသေမည်ဟု မိမိ၏ အသက်အန္တရာယ်ကိုမူကား ထိုသူ မသိရှာလေ။ ၂၈၇။ သားသမီး ကျွဲနွားဥစ္စာတို့ဖြင့် ယစ်မူးမေ့လျော့လျက် ကာမဂုဏ်တို့၌ မရသေးသည်ကို တောင့်တရပြီးသည်ကို တွယ်တာကပ်ငြိသည့် စိတ်ရှိသောသူကို ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသောရွာကို လွှမ်းမိုးတိုက်ယူ သွားသကဲ့သို့ သေမင်းသည် သိမ်းယူသွား၏။ ၂၈၈။ သေမင်းနှိပ်စက်ခံရသူအား သေမင်းမှ စောင့်ရှောက်ရန်အတွက် သားသမီးတို့ မရှိကုန်၊ အမိအဖတို့လည်း မရှိကုန်၊ အဆွေခင်ပွန်းတို့လည်း မရှိကုန်၊ ဆွေမျိုးတို့တွင် စောင့်ရှောက်နိုင်မည့် သူလည်းမရှိ။ ၂၈၉။ ဤအကြောင်းထူးကိုသိ၍ ပညာရှိသည် သီလကိုစောင့်စည်းလျက် နိဗ္ဗာန်ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ်ကို လျင်စွာသာလျှင် သုတ်သင်ရာ၏။

No comments:

Post a Comment