လေ့လာမှတ်သား မြတ်တရား
sábado, 18 de octubre de 2014
၁၂။ အတ္တ၀ဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၅၇။ မိမိကိုယ်ကို ချစ်အပ်၏ဟုသိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏၊ ပညာ ရှိသူသည် အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသောအရွယ်၌ လုံ့လထုတ်ကာ သုတ်သင်ရာ၏။ ၁၅၈။ ရှေးဦးစွာသာလျှင် မိမိကိုယ်ကို သင့်လျော်သောအကျင့်၌ တည်စေရာ၏၊ ထို့နောက်မှ သူတစ်ပါးကို ဆုံးမရာ၏၊ ပညာရှိသည် သူတစ်ပါးကဲ့ရဲ့ခြင်းဖြင့် မညစ်နွမ်းစေရာ။ ၁၅၉။ သူတစ်ပါးကို ဆုံးမသောနည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏၊ မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှသာ သူတစ်ပါးကိုဆုံးမရာ၏၊ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှစွတကား။ ၁၆၀။ မိမိသည်သာ မိမိ၏ကိုးစားရာဖြစ်၏၊ သူတစ်ပါးသည် မိမိ၏ကိုးစားရာ အဘယ်မှာဖြစ်နိုင်အံ့နည်း၊ မိမိသည် ကောင်းစွာယဉ်ကျေးသဖြင့် ရရောက်နိုင်ခဲသော အရဟတ္တဖိုလ်ကို ရနိုင်၏။ ၁၆၁။ ကျောက်မှဖြစ်သောစိန်သည် မိမိမှီရာကျောက်ကို ထွင်းဖောက် ဖျက်ဆီးသကဲ့သို့ မိမိပြုအပ်သော မိမိမှဖြစ်သော မိမိကြောင့်ဖြစ်သောမကောင်းမှုသည် မိမိဖြစ်ရာ ပညာမဲ့သူကို ဖျက်ဆီး၏။ ၁၆၂။ မာလောနွယ်သည် မှီရာသစ်ပင်ကို လွှမ်းမိုးရစ်ပတ်သကဲ့သို့ စင်စစ်သီလမရှိသောသူ၏ အဖြစ်တည်းဟူသော တဏှာအလွှမ်းခံရသူသည် ရန်သူအလိုရှိတိုင်း မိမိအကျိုးမဲ့ကို မိမိကိုယ်တိုင်ပင် ပြုလုပ်လေ၏။ ၁၆၃။ အပြစ်ရှိ၍ မိမိ၏အကျိုးစီးပွားမရှိကုန်သော အမှုတို့ကို ပြုလွယ်ကုန်၏၊ အပြစ်ကင်း၍ အကျိုးစီးပွားရှိသော အမှုကို အလွန်ပြုနိုင်ခဲ၏။ ၁၆၄။ ပညာမဲ့သူသည် ယုတ်မာသော မိစ္ဆာအယူကို အမှီပြု၍ ပူဇော်အထူးကို ခံထိုက်ကုန်သော တရားသဖြင့် အသက်မွေးကုန်သော အရိယာပုဂ္ဂိုလ်တို့၏ အဆုံးအမကို တားမြစ်၏၊ ၀ါးသီးတို့သည် ၀ါးပင်ကို သတ်ရန်အလို့ငှါ သီးကုန်သကဲ့သို့ ထိုပုဂ္ဂိုလ်၏ မိစ္ဆာအယူသည် မိမိကိုယ်ကို သတ်ရန်အလို့ငှါသာ ဖြစ်၏။ ၁၆၅။ မကောင်းမှုကို မိမိပြုခဲ့လျှင် မိမိသည်ပင် ညစ်နွမ်းရ၏၊ မကောင်းမှုကို မိမိမပြုခဲ့လျှင် မိမိသည်ပင်စင်ကြယ်၏၊ စင်ကြယ်သော ကုသိုလ်နှင့် မစင်ကြယ်သော အကုသိုလ်သည် တခြားစီသာဖြစ်၏၊ သူတစ်ယောက်သည် အခြား သူတစ်ယောက်ကို ကိလေသာအညစ်အကြေးမှ စင်ကြယ်အောင် မသုတ်သင်နိုင်။ ၁၆၆။ သူတစ်ပါး၏ များစွာသော အကျိုးစီးပွားအတွက်ကြောင့် မိမိ၏အကျိုးစီးပွားကို အနည်းငယ်မျှ မဆုတ်ယုတ်စေရာ၊ မိမိအကျိုးစီးပွားကိုသိ၍ မိမိအကျိုးစီးပွားကို တိုးပွားအောင် လေ့ကျက် အားထုတ်ရာ၏။
›
၁၁။ ဇရာဝဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၄၆။ လူအပေါင်း၌ အမြဲကိလေသာမီး တောက်လောင်နေပါလျှက် အဘယ့်ကြောင့် ပျော်မြူး ရယ်ရွှင်ဘိသနည်း၊ အဘယ့်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်ဘိသနည်း၊ အ၀ိဇ္ဇာမိုက်မှောင်ကြီးဖြင့် ပိတ်ဆီး မြှေးယှက်အပ်ကုန် သည်ဖြစ်ပါလျက် သင်တို့သည် အဘယ့်ကြောင့် ပညာဆီမီးကို မရှာဘဲ နေကြကုန်သနည်း။ ၁၄၇။ အဆန်းတကြယ်ပြုအပ်သော အရုပ်နှင့်တူသော အရိုးစုသုံးရာတို့ဖြင့် ထောက်ထားအပ်သော နာကျင်တတ်သော များစွာသောသူတို့သည် ကြံစည်အပ်သော ကိုးပေါက်ဒွါရ အမာဝရှိသောကိုယ်ကို ကြည့်ရှုလော့၊ ယင်းကိုယ်၏ အမြဲအရှည် တည်ခြင်းသည် မရှိချေတကား။ ၁၄၈။ ဤရူပကာယသည် ဆွေးမြေ့ အိုတတ်၏၊ အနာရောဂါတို့၏ တည်နေရာလည်းဖြစ်၏၊ ယိုယွင်းပျက်စီးတတ်၏၊ အသက်ရှင်နေရခြင်းသည် သေခြင်းလျှင် အဆုံးရှိရကား ထိုကိုယ်သည် ပုပ်သည်ဖြစ်၍ ပျက်စီးရလတ္တံ့။ ၁၄၉။ တန်ဆောင်မုန်းအခါ၌ စွန့်ပစ်ထားသော ဘူးသီးခြောက်ကဲ့သို့ စွန့်ပစ်အပ်သော ခိုအဆင်းကဲ့သို့ ဖြူမွဲသော အရိုးတို့ကိုမြင်ရ၍ အဘယ်မှာ မွေ့လျော်ဖွယ်ရှိနိုင်အံ့နည်း။ ၁၅၀။ အရိုးတို့ကိုစိုက်ထူ၍ အသားအသွေးတို့ဖြင့် လိမ်းကျံလျက် အတ္တဘောတည်းဟူသောမြို့ကို တဏှာလက်သမား သည် ဆောက်လုပ်အပ်၏၊ ယင်းမြို့၌ အိုခြင်း မာနထောင်လွှားခြင်း သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်သာ တည်ရှိလေ၏။ ၁၅၁။ ရတနာတို့ဖြင့် ကောင်းစွာ ဆန်းကြယ်သော မင်းတို့၏ ရထားတို့သည် ဆွေးမြေ့အိုမင်း ကြကုန်သေး၏၊ ခန္ဓာကိုယ်သည်လည်း ထို့အတူပင် ဆွေးမြေ့ အိုမင်းခြင်းသို့ ရောက်ရသေး၏၊ သူတော်ကောင်းတို့၏ တရားတော် သည်ကား ဆွေးမြေ့ အိုမင်းခြင်းသို့ မရောက်နိုင်ဟု သူတော်ကောင်းတို့သည် သူတော်ကောင်းတို့နှင့် အချင်းချင်း ဆွေးနွေးပြောကြားကြကုန်၏။ ၁၅၂။ အကြားအမြင်နည်းသော ဤယောက်ျားသည် နွားလားကဲ့သို့ အချည်းအနှီး ကြီးထွားလာ၏၊ ထိုယောက်ျားအား အသားတို့သာ တိုးပွားကုန်၏၊ ပညာမူကား မတိုးပွါး။ ၁၅၃။ အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ် မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။ ၁၅၄။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် တဏှာလက်သမား၊ ငါသည်သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီး၊ ခန္ဓာအိမ်ကိုနောင်တဖန် သင်ဆောက်လုပ်ရတော့မည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ် အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ပြီ၊ တဏှာ ကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်ကိုရပြီ။ ၁၅၅။ သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရသောကြောင့် ငါးကုန်ခန်းသောညွန်အိုင်၌ အတောင်ကျွတ်သော ကြိုးကြာအိုတို့ကဲ့သို့ (အရွယ်လွန်သောအခါ)ကြံမှိုင်၍သာ နေကြ ရကုန်၏။ ၁၅၆။ သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရလိုက်မိသောကြောင့် လေးမှလွတ်ပြီးနောက် အရှိန်ကုန်သောမြားတို့ကဲ့သို့ ရှေးဖြစ်ဟောင်း သုခတို့ကို ညည်းတွားအောက်မေ့၍သာ နေကြရကုန်၏။
›
၁၀။ ဒဏ္ဍ၀ဂ္ဂ ၁၂၉။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် သေခြင်းမှ ကြောက်ကုန်၏၊ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကိုမသတ်ဖြတ် မညှဉ်းဆဲရာ။ ၁၃၀။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် မိမိတို့၏ အသက် ကိုချစ်၏၊ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကို မသတ်ဖြတ် မညှဉ်းဆဲရာ။ ၁၃၁။ အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကိုအလိုရှိကုန်သော သတ္တ၀ါတို့ကို တုတ် လှံ တံဖြင့် ညှဉ်းဆဲ၏၊ ထိုညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ ချမ်းသာကိုမရနိုင်။ ၁၃၂။ အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကိုအလိုရှိကုန်သော သတ္တ၀ါ တို့ကို တုတ်လှံတံဖြင့် မညှဉ်းဆဲ၊ ထိုမညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ ချမ်းသာကို ရနိုင်၏။ ၁၃၃။ တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သောစကားကို မဆိုလင့်၊ အဆိုခံရသူတို့သည် သင့်ကို ပြန်လှန် ဆိုကုန်ရာ၏၊ ခြုတ်ခြယ်သော စကားသည် ဆင်းရဲ၏အကြောင်းတည်း၊ သူတစ်ပါးကို ဒဏ်ပြုက အတုံ့ အလှည့်ဒဏ်တို့သည် သင့်ထံသို့ ရောက်ကုန်ရာ၏။ ၁၃၄။ အနားပြတ်သော ကြေးခေါင်းလောင်းသည် အသံမထွက် ငြိမ်သက်သကဲ့သို့ မိမိကိုယ်ကို ငြိမ်သက် တည်ကြည်အောင် စောင့်ရှောက်နေသောသူသည် နိဗ္ဗာန်သို့ရောက်နိုင်၏၊ ခြုတ်ခြယ်မှုမရှိ။ ၁၃၅။ နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို စားကျက်သို့ မောင်းနှင်သကဲ့သို့ ဤအတူ အိုခြင်းသည် လည်းကောင်း၊ သေခြင်းသည်လည်းကောင်း သတ္တ၀ါတို့၏ အသက်ကို မောင်းနှင်ကုန်၏။ ၁၃၆။ မကောင်းမှု အကုသိုလ်ကံတို့ကိုပြုသော သူမိုက်သည် ထိုပြုသောအခါ၌မသိ၊ ပညာမဲ့သူသည် ထိုမိမိပြုသော မကောင်းမှုကံတို့ကြောင့် မီးလောင်သောသူကဲ့သို့ ပူပန်ရ၏။ ၁၃၇။ အကြင်သူသည် အပြစ်ဒဏ်ကင်းကြ၍ မပြစ်မှားထိုက်သော ရဟန္တာပုဂ္ဂိုလ်တို့၌ တုတ်လှံတံ စသည်ဖြင့် ပြစ်မှား၏၊ ထိုသူသည် ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့တွင် တစ်ပါးပါးသော ဆင်းရဲခြင်းအကြောင်းသို့ လျင်မြန်စွာပင် ရောက်ရ၏။ ၁၃၈-၁၃၉။ ပြင်းထန်သော ဝေဒနာသို့လည်းကောင်း၊ ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း၊ လက်ပြတ် ခြေပြတ်စသော ကိုယ်အင်္ဂါပျက်စီးခြင်းသို့လည်းကောင်း၊ ကြီးလေးသော နူနာစသော အနာစွဲ ကပ်ခြင်းသို့လည်းကောင်း၊ ရူးခြင်း စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း၊ မင်းဘေးလည်းကောင်း၊ ကြမ်းကြုတ်စွာသော အစွတ်စွဲခံရခြင်းသို့ လည်းကောင်း၊ ဆွေမျိုးတို့၏ ပျက်ပြားခြင်းသို့ လည်းကောင်း၊ စည်းစိမ် ဥစ္စာတို့၏ယိုယွင်းပျက်စီးခြင်းသို့ လည်းကောင်းရောက်၏။ ၁၄၀။ ထို့ပြင်ထိုပြစ်မှားသူ၏ အိမ်တို့ကို ပကတိမီးသည်လည်းကောင်း၊ လောင်မီးသည်လည်းကောင်းလောင်၏၊ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသည်မှနောက်၌ ငရဲသို့ ရောက်ရ၏။ ၁၄၁။ အ၀တ်မ၀တ်ဘဲ ကျင့်ခြင်းတို့သည်လည်းကောင်း၊ ဆံကျစ်အကျင့်တို့သည်လည်းကောင်း၊ ရွှံ့ညွန် အလိမ်းလိမ်းကပ်၍ ကျင့်ခြင်းတို့သည်လည်းကောင်း၊ အစာဖြတ်၍ အငတ်ခံကျင့်ခြင်း တို့သည်လည်းကောင်း၊ မြေ၌အိပ်၍ နေခြင်းတို့သည်လည်းကောင်း၊ မြူမှုန်အလိမ်းလိမ်း တင်စေလျှက် ကျင့်ခြင်းသည်လည်းကောင်း၊ ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်းသည်လည်းကောင်း ၀ိစိကိစ္ဆာမှ မလွတ်မြောက်သေးသော သတ္တ၀ါကို မစင်ကြယ်စေနိုင်ကုန်။ ၁၄၂။ အကြင်သူသည် ကိလေသာငြိမ်း၏၊ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏၊ မဂ်လေးပါးဖြင့်မြဲ၏၊ မြတ်သောအကျင့်ရှိ၏၊ အလုံးစုံသောသတ္တ၀ါတို့၌ လက်နက်ကို ပယ်ချထားသည်ဖြစ်၍ မေတ္တာဖြင့် အညီအမျှကျင့်၏၊ ထိုသူသည်အ၀တ် တန်ဆာဆင်စေကာမူ မကောင်းမှုမှအပပြုသူ ဗြာဟ္မဏမည်၏၊ ကိလေသာငြိမ်းသူ သမဏမည်၏၊ ကိလေသာ ဖျက်ဆီးပြီးသူ ဘိက္ခုမည်၏။ ၁၄၃။ မြင်းကောင်းသည် ကြိမ်လုံးကို ကြဉ်ရှောင်သကဲ့သို့ အကြင်သူသည် မိမိ၏အိပ်ပျော်ခြင်းကို နိုးကြားစေ၏၊ မိစ္ဆာဝိ တက်ကို ရှက်ကြောက်ခြင်းဖြင့်တားမြစ်၏၊ ထိုပုဂ္ဂိုလ်မျိုးသည် လောက၌ တစ်ယောက်တစ်လေသာ ရှိ၏။ ၁၄၄။ မြင်းကောင်းသည် ကြိမ်လုံးကို ပုတ်ခတ်သည်ရှိသော် လုံ့လရှိသကဲ့သို့ သင်တို့သည် လည်း လုံ့လရှိကုန်သည် ထိပ်လန့်ကုန်သည် ဖြစ်ကြကုန်လော့၊ ယုံကြည်ခြင်း သဒ္ဓါနှင့် လည်းကောင်း၊ သီလနှင့် လည်းကောင်း၊ ၀ီရိယနှင့် လည်းကောင်း၊ တည်ကြည်ခြင်း သမာဓိနှင့် လည်းကောင်း၊ တရားမှန်မမှန် ဆုံးဖြတ်ကြောင်းဉာဏ်နှင့်လည်းကောင်း ပြည့်စုံကြလျှက် အသိ ၀ိဇ္ဇာ အကျင့်စရဏနှင့် ပြည့်စုံကုန်သည်ဖြစ်၍ ထင်သောသတိရှိကြပါလျှင် အတိုင်းမသိ အလွန်ရှည်လျားသော သံသရာဆင်းရဲကို စွန့်လွှတ်နိုင်ကုန်လတ္တံ့။ ၁၄၅။ မြောင်းတူးရေယူသမားတို့သည် အလိုရှိရာသို့ ရေကိုဆောင်ယူကုန်၏၊ လေးသမားတို့သည် မြားကိုဖြောင့်ကုန်၏၊ သစ်ရွေသမားတို့သည် သစ်ကိုလိုတိုင်းရအောင် ရွေကုန်၏၊ ကောင်းသောအကျင့်ရှိသော သူတော်ကောင်းတို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမကုန်၏။ ၁၂၉။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် သေခြင်းမှ ကြောက်ကုန်၏၊ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကိုမသတ်ဖြတ် မညှဉ်းဆဲရာ။ ၁၃၀။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် မိမိတို့၏ အသက် ကိုချစ်၏၊ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကို မသတ်ဖြတ် မညှဉ်းဆဲရာ။ ၁၃၁။ အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကိုအလိုရှိကုန်သော သတ္တ၀ါတို့ကို တုတ် လှံ တံဖြင့် ညှဉ်းဆဲ၏၊ ထိုညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ ချမ်းသာကိုမရနိုင်။ ၁၃၂။ အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကိုအလိုရှိကုန်သော သတ္တ၀ါ တို့ကို တုတ်လှံတံဖြင့် မညှဉ်းဆဲ၊ ထိုမညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ ချမ်းသာကို ရနိုင်၏။ ၁၃၃။ တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သောစကားကို မဆိုလင့်၊ အဆိုခံရသူတို့သည် သင့်ကို ပြန်လှန် ဆိုကုန်ရာ၏၊ ခြုတ်ခြယ်သော စကားသည် ဆင်းရဲ၏အကြောင်းတည်း၊ သူတစ်ပါးကို ဒဏ်ပြုက အတုံ့ အလှည့်ဒဏ်တို့သည် သင့်ထံသို့ ရောက်ကုန်ရာ၏။ ၁၃၄။ အနားပြတ်သော ကြေးခေါင်းလောင်းသည် အသံမထွက် ငြိမ်သက်သကဲ့သို့ မိမိကိုယ်ကို ငြိမ်သက် တည်ကြည်အောင် စောင့်ရှောက်နေသောသူသည် နိဗ္ဗာန်သို့ရောက်နိုင်၏၊ ခြုတ်ခြယ်မှုမရှိ။ ၁၃၅။ နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို စားကျက်သို့ မောင်းနှင်သကဲ့သို့ ဤအတူ အိုခြင်းသည် လည်းကောင်း၊ သေခြင်းသည်လည်းကောင်း သတ္တ၀ါတို့၏ အသက်ကို မောင်းနှင်ကုန်၏။ ၁၃၆။ မကောင်းမှု အကုသိုလ်ကံတို့ကိုပြုသော သူမိုက်သည် ထိုပြုသောအခါ၌မသိ၊ ပညာမဲ့သူသည် ထိုမိမိပြုသော မကောင်းမှုကံတို့ကြောင့် မီးလောင်သောသူကဲ့သို့ ပူပန်ရ၏။ ၁၃၇။ အကြင်သူသည် အပြစ်ဒဏ်ကင်းကြ၍ မပြစ်မှားထိုက်သော ရဟန္တာပုဂ္ဂိုလ်တို့၌ တုတ်လှံတံ စသည်ဖြင့် ပြစ်မှား၏၊ ထိုသူသည် ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့တွင် တစ်ပါးပါးသော ဆင်းရဲခြင်းအကြောင်းသို့ လျင်မြန်စွာပင် ရောက်ရ၏။ ၁၃၈-၁၃၉။ ပြင်းထန်သော ဝေဒနာသို့လည်းကောင်း၊ ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း၊ လက်ပြတ် ခြေပြတ်စသော ကိုယ်အင်္ဂါပျက်စီးခြင်းသို့လည်းကောင်း၊ ကြီးလေးသော နူနာစသော အနာစွဲ ကပ်ခြင်းသို့လည်းကောင်း၊ ရူးခြင်း စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း၊ မင်းဘေးလည်းကောင်း၊ ကြမ်းကြုတ်စွာသော အစွတ်စွဲခံရခြင်းသို့ လည်းကောင်း၊ ဆွေမျိုးတို့၏ ပျက်ပြားခြင်းသို့ လည်းကောင်း၊ စည်းစိမ် ဥစ္စာတို့၏ယိုယွင်းပျက်စီးခြင်းသို့ လည်းကောင်းရောက်၏။ ၁၄၀။ ထို့ပြင်ထိုပြစ်မှားသူ၏ အိမ်တို့ကို ပကတိမီးသည်လည်းကောင်း၊ လောင်မီးသည်လည်းကောင်းလောင်၏၊ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသည်မှနောက်၌ ငရဲသို့ ရောက်ရ၏။ ၁၄၁။ အ၀တ်မ၀တ်ဘဲ ကျင့်ခြင်းတို့သည်လည်းကောင်း၊ ဆံကျစ်အကျင့်တို့သည်လည်းကောင်း၊ ရွှံ့ညွန် အလိမ်းလိမ်းကပ်၍ ကျင့်ခြင်းတို့သည်လည်းကောင်း၊ အစာဖြတ်၍ အငတ်ခံကျင့်ခြင်း တို့သည်လည်းကောင်း၊ မြေ၌အိပ်၍ နေခြင်းတို့သည်လည်းကောင်း၊ မြူမှုန်အလိမ်းလိမ်း တင်စေလျှက် ကျင့်ခြင်းသည်လည်းကောင်း၊ ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်းသည်လည်းကောင်း ၀ိစိကိစ္ဆာမှ မလွတ်မြောက်သေးသော သတ္တ၀ါကို မစင်ကြယ်စေနိုင်ကုန်။ ၁၄၂။ အကြင်သူသည် ကိလေသာငြိမ်း၏၊ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏၊ မဂ်လေးပါးဖြင့်မြဲ၏၊ မြတ်သောအကျင့်ရှိ၏၊ အလုံးစုံသောသတ္တ၀ါတို့၌ လက်နက်ကို ပယ်ချထားသည်ဖြစ်၍ မေတ္တာဖြင့် အညီအမျှကျင့်၏၊ ထိုသူသည်အ၀တ် တန်ဆာဆင်စေကာမူ မကောင်းမှုမှအပပြုသူ ဗြာဟ္မဏမည်၏၊ ကိလေသာငြိမ်းသူ သမဏမည်၏၊ ကိလေသာ ဖျက်ဆီးပြီးသူ ဘိက္ခုမည်၏။ ၁၄၃။ မြင်းကောင်းသည် ကြိမ်လုံးကို ကြဉ်ရှောင်သကဲ့သို့ အကြင်သူသည် မိမိ၏အိပ်ပျော်ခြင်းကို နိုးကြားစေ၏၊ မိစ္ဆာဝိ တက်ကို ရှက်ကြောက်ခြင်းဖြင့်တားမြစ်၏၊ ထိုပုဂ္ဂိုလ်မျိုးသည် လောက၌ တစ်ယောက်တစ်လေသာ ရှိ၏။ ၁၄၄။ မြင်းကောင်းသည် ကြိမ်လုံးကို ပုတ်ခတ်သည်ရှိသော် လုံ့လရှိသကဲ့သို့ သင်တို့သည် လည်း လုံ့လရှိကုန်သည် ထိပ်လန့်ကုန်သည် ဖြစ်ကြကုန်လော့၊ ယုံကြည်ခြင်း သဒ္ဓါနှင့် လည်းကောင်း၊ သီလနှင့် လည်းကောင်း၊ ၀ီရိယနှင့် လည်းကောင်း၊ တည်ကြည်ခြင်း သမာဓိနှင့် လည်းကောင်း၊ တရားမှန်မမှန် ဆုံးဖြတ်ကြောင်းဉာဏ်နှင့်လည်းကောင်း ပြည့်စုံကြလျှက် အသိ ၀ိဇ္ဇာ အကျင့်စရဏနှင့် ပြည့်စုံကုန်သည်ဖြစ်၍ ထင်သောသတိရှိကြပါလျှင် အတိုင်းမသိ အလွန်ရှည်လျားသော သံသရာဆင်းရဲကို စွန့်လွှတ်နိုင်ကုန်လတ္တံ့။ ၁၄၅။ မြောင်းတူးရေယူသမားတို့သည် အလိုရှိရာသို့ ရေကိုဆောင်ယူကုန်၏၊ လေးသမားတို့သည် မြားကိုဖြောင့်ကုန်၏၊ သစ်ရွေသမားတို့သည် သစ်ကိုလိုတိုင်းရအောင် ရွေကုန်၏၊ ကောင်းသောအကျင့်ရှိသော သူတော်ကောင်းတို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမကုန်၏။
›
၉။ ပါပ၀ဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၁၆။ မကောင်းမှု၌စိတ်သည် မွေ့လျော်တတ်၍ ကောင်းမှုပြုသောအခါ နုံ့နှေးတတ်ရကား မကောင်းမှုမှ စိတ်ကိုတားမြစ်၍ ကုသိုလ်ကောင်းမှုတို့ကို လျင်မြန်ဆောစွာ ပြုလုပ်ရာ၏။ ၁၁၇။ ပုဂ္ဂိုလ်သည် မကောင်းမှု ပြုမိစေကာမှူ ထိုမကောင်းမှုကို ထပ်ကာထပ်ကာ မပြုမိစေရာ၊ ထိုမကောင်းမှု၌ စိတ်အလိုဆန္ဒကိုမပြုရာ၊ မကောင်းမှုကိုပွားစေခြင်းသည် ဆင်းရဲ၏ အကြောင်းတည်း။ ၁၁၈။ ပုဂ္ဂိုလ်သည် ကောင်းမှုကိုပြုပြီးသော်လည်း ထိုကောင်းမှုကို ထပ်ကာထပ်ကာပြုရာ၏၊ ထိုကောင်းမှု၌ စိတ်အလိုဆန္ဒကို ပြုရာ၏၊ ကောင်းမှုကို ပွားစေခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။ ၁၁၉။ မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသရွေ့ ကာလပတ်လုံး ကောင်းမြတ်သောအာရုံကို တွေ့မြင်နိုင်သေး၏၊ မကောင်းမှုအကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။ ၁၂၀။ ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း ကောင်းမှုအကျိုး မပေးသေးသရွေ့ ကာလပတ်လုံး မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏၊ ကောင်းမှုအကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရလေတော့၏။ ၁၂၁။ အနည်းငယ်သော မကောင်းမှုသည် ငါ့အားအကျိုးရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှု ကို မထီမဲ့မြင် မအောင့်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်သကဲ့သို့ သူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို ပြုဆည်းပူးဖန်များသော် မကောင်းမှုဖြင့် ပြည့်၏။ ၁၂၂။ အနည်းငယ်သောကောင်းမှုသည် ငါ့အားအကျိုးရောက်လိမ့်မည် မဟုတ်ဟု ကောင်းမှုကို မထီမဲ့မြင် မအောင့်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်သကဲ့သို့ ပညာရှိသည် အနည်းငယ် အနည်းငယ်မျှသော ကောင်းမှုကို ပြုဆည်းပူးဖန်များလတ်သော် ကောင်းမှုဖြင့် ပြည့်၏။ ၁၂၃။ အဖော်နည်းသော များသောဥစ္စာရှိသောကုန်သည်ကြီးသည် ဘေးအန္တရာယ်များသော ခရီးကို ရှောင်ကြဉ်သကဲ့သို့ လည်းကောင်း၊ အသက်ရှင်လိုသောသူသည် လတ်တလော သေစေတတ်သောအဆိပ်ကို ရှောင်ကြဉ်သကဲ့သို့လည်းကောင်း ပညာရှိသည် မကောင်းမှုကို ရှောင်ကြဉ်ရာ၏။ ၁၂၄။ လက်၌အနာမရှိလျှင် လက်ဖြင့်အဆိပ်ကို ကိုင်ဆောင်နိုင်၏၊ အဆိပ်သည် အနာမရှိသော လက်သို့ အစဉ် မလိုက်၊ စေတနာမရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ။ ၁၂၅။ အကြင်သူမိုက်သည် မပြစ်မှားထိုက်သော စင်ကြယ်၍ ကိလေသာကင်းသော ရဟန္တာ ပုဂ္ဂိုလ်အား ပြစ်မှား၏၊ လေညာသို့ပစ်လွှင့်အပ်သော သိမ်မွေ့သောမြူမှုန်သည် ထိုပစ်လွှင့်သူသို့သာ ပြန်ကျသကဲ့သို့ မကောင်းမှုသည် ထိုသူမိုက်သို့သာ ရှေးရှုပြန်ကျလာ၏။ ၁၂၆။ အချို့သော သူတို့သည် ဤလူ့ပြည်၌ အမိဝမ်းဝယ် ပဋိသန္ဓေနေရကုန်၏၊ မကောင်းမှု ပြုသူတို့သည် ငရဲ၌ ဖြစ်ရကုန်၏၊ ကောင်းသောပညာရှိတို့သည် နတ်ပြည်သို့ ရောက်ရကုန်၏၊ အာသဝေါကင်းသော ရဟန္တာ ပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်စံရကုန်၏။ ၁၂၇။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော် လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော် လည်းကောင်း တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း မကောင်းမှုမှ မလွတ်ရာ၊ အကြင်အရပ်၌ တည်နေသော် မကောင်းမှုမှ လွတ်ရာ၏၊ ထိုအရပ်မျိုးကား မရှိနိုင် သည်သာတည်း။ ၁၂၈။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော် လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော် လည်းကောင်း၊ တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း သေမင်းမှမလွတ်ရာ၊ အကြင်အရပ်၌ တည်နေသော် သေမင်းမှမညှဉ်းဆဲနိုင်ရာ၊ ထိုအရပ်မျိုးကား မရှိနိုင်သည်သာတည်း။
›
၈။ သဟဿဝဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၀၀။ တောဖွဲ့တောင်ဖွဲ့ အကျိုးမဲ့ပုဒ်နှင့်သာဆိုင်သော စကားသည် အခွန်းတစ်ထောင်ရှိစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်၍ အကျိုးရှိသော တကြောင်း တစ်ပုဒ် တဂါထာသည်သာ ပိုလွန်၍ မြတ်၏။ ၁၀၁။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာသည်တစ်ထောင်ပင် ဖြစ်စေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော ဂါထာ တစ်ဂါထာသည်သာ ပိုလွန်၍မြတ်၏။ ၁၀၂။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာတစ်ရာကို ရွတ်ဆိုစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော တရားတစ်ပုဒ်ကို ရွတ်ဆိုခြင်းသည်သာ ပိုလွန်၍မြတ်၏။ ၁၀၃။ အကြင် စစ်သူရဲတစ်ယောက် စစ်မြေပြင်၌ စစ်သည် ဗိုလ်ပါတို့ကို အကြိမ်တစ်သန်း အောင်နိုင်ရာ၏၊ အကြင်သူရဲကောင်းတစ်ယောက်သည်ကား ကိုယ်တွင်းကိလေသာကို တစ်ကြိမ် တစ်ခါမျှ အောင်နိုင်ရာ၏၊ ကိုယ်တွင်း ကိလေသာကို တစ်ကြိမ်အောင်နိုင်သော ထိုသူသည်သာ စစ်အောင်သူတို့တွင် အမြတ်ဆုံးဖြစ်၏။ ၁၀၄-၁၀၅။ ကိုယ်တွင်းကိလေသာတို့ကိုနိုင်ခြင်းဖြင့် မိမိကိုယ်ကို အောင်နိုင်ခြင်းသည်မြတ်၏၊ လောင်းတန်းကစားခြင်း စစ်တိုက်ခြင်းစသည်ဖြင့် သူတစ်ပါးကို အောင်နိုင်ခြင်းသည်မမြတ်၊ မိမိကိုယ်ကို ဆုံးမပြီးသော၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံးကို အမြဲစောင့်စည်းလေ့ရှိသော၊ ထိုသို့ သဘောရှိသော၊ သတ္တ၀ါ တို့၏အောင်ခြင်းကို နတ်သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သည် လည်းကောင်း၊ ဗြဟ္မာနှင့် တကွသော မာရ်နတ်သည်လည်းကောင်း ရှုံးအောင်မပြုနိုင်ရာ။ ၁၀၆။ အနှစ်တစ်ရာပတ်လုံး လတိုင်းလတိုင်း(တက္ကတွန်းတို့အား)ငွေတစ်ထောင်အကုန်ခံ၍ ပူဇော်ရာ၏၊ ၀ိပဿနာ ပွားသောစိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခဏမျှ ပူဇော်ရာ၏၊ ထိုပူဇော်ခြင်းနှစ်မျိုးတို့တွင် ၀ိပဿနာ ပွားများသောရဟန်းတို့အား တစ်ခဏမျှ ပူဇော်ခြင်းသည်သာ မြတ်၏၊ တက္ကတွန်းတို့အား အနှစ်တစ်ရာပတ်လုံး ပူဇော်ခြင်းသည် မမြတ်။ ၁၀၇။ အကြင်သူသည် အနှစ်တစ်ရာပတ်လုံး တော၌မီးကို လုပ်ကျွေးပူဇော်ရာ၏၊ အကြင်သူသည်ကား ၀ိပဿ နာပွားများသောစိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခါမျှ ပူဇော်ရာ၏၊ ထိုသူတို့၏ ပူဇော်ခြင်း နှစ်မျိုးတို့တွင် ထိုဝိ ပဿနာပွားများသော ရဟန်းတို့အား တစ်ခဏမျှ ပူဇော်ခြင်းသည်သာမြတ်၏၊ အနှစ်တစ်ရာပတ်လုံး ပူဇော်ခြင်းသည် မမြတ်။ ၁၀၈။ လောက၌ကောင်းမှုကို လိုလားငဲ့ကွက်သောသူသည် ယဇ်ကြီးပူဇော်ခြင်းကိုလည်းကောင်း၊ ယဇ်ငယ်ပူဇော်ခြင်းကိုလည်းကောင်း တစ်နှစ်ပတ်လုံး ပူဇော်ရာ၏၊ ထိုပူဇော်ခြင်း အလုံးစုံသည် ဖြောင့်မတ်စွာကျင့်သော အရိယာပုဂ္ဂိုလ်တို့ကို ရှိခိုးခြင်းစေတနာ၏ လေးဖို့တစ်ဖို့ကိုမျှ မမှီ၊ အရိယာ ပုဂ္ဂိုလ်တို့၌ ရှိခိုးခြင်း စေတနာသည်သာ မြတ်၏။ ၁၀၉။ အမြဲရှိခိုးလေ့ရှိ၍ မိမိထက် ဂုဏ်အသက်သိက္ခာအားဖြင့် ကြီးသောသူတို့၌ အရိုအသေ ပြုလေ့ရှိသူအား အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာခြင်း ခွန်အားကြီးခြင်းဟူသော ဤ အကျိုးထူးတရား လေးပါးတို့သည် တိုးပွားကုန်၏။ ၁၁၀။ သီလမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ၀ိပဿနာကို ရှုနေသောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ၁၁၁။ ပညာမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် တရားပညာရှိ၍ သမထ ၀ိပ ဿနာကို ရှုသောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည် မြတ်၏။ ၁၁၂။ ပျင်းရိသည်ဖြစ်၍ ၀ီရိယမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် ၀ီရိယကို မြဲမြံစွာ အားထုတ်သောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ၁၁၃။ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို မပြတ်ရှုမြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ၁၁၄။ သေခြင်းကင်းသောနိဗ္ဗာန်ကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သေခြင်း ကင်းသောနိဗ္ဗာန်ကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ၁၁၅။ မြတ်သောလောကုတ္တရာတရားကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက်မြတ်သော လောကုတ္တရာတရားကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည်မြတ်၏။
›
၇။ အရဟန္တ၀ဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၉၀။ စိုးရိမ်ကင်းသော အလုံးစုံသော (ခန္ဓာစသည့်)တရားတို့မှ လွတ်မြောက်သော အလုံးစုံ အထုံးအဖွဲ့ကို ပယ်ပြီးသော သံသရာ ခရီးသွားပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်အား ပူပန်မှု မရှိတော့ချေ။ ၉၁။ သတိရှိသောပုဂ္ဂိုလ်တို့သည် (ဈာန်ဝိပဿနာတို့၌) လုံ့လပြုကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် တည်ရာ ကာမဂုဏ်၌ မမွေ့လျော်ကြကုန်၊ ဟင်္သာငှက်တို့သည် (ကျက်စားရာ) ရွှံ့ညွန်အိုင်ကို စွန့်ခွာလျက် ပျံသွားသကဲ့သို့ မှီရာ တဏှာ ဟူသမျှကို စွန့်၍သွားကုန်၏။ ၉၂။ အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား သိုမှီးသိမ်းဆည်းခြင်းသည်မရှိ၊ အကြင်ရဟန္တာတို့သည် ပရိညာသုံးပါးဖြင့် ပိုင်းခြားလျက် ခဲဖွယ်ဘောဇဉ်ကို သုံးဆောင်ကုန်၏၊ ရာဂစသည် ကင်းဆိတ်လျက် ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာပုဂ္ဂိုလ်၏ ကျက်စားရာအာရုံ ဖြစ်၏၊ ကောင်းကင်၌ ငှက်တို့၏သွားရာလမ်းကြောင်းကို သိနိုင်ခဲသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ သွားရာကို သိနိုင်ခဲ၏။ ၉၃။ အကြင်ပုဂ္ဂိုလ်တို့အား အာသဝေါကုန်ခန်း၏၊ အစာအဟာရ၌လည်း (တဏှာဒိဋ္ဌိဖြင့်) စွဲမှီခြင်း မရှိ၊ ရာဂစသည် ဆိတ်သုန်းသော ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာ ပုဂ္ဂိုလ်၏ ကျက်စားရာအာရုံဖြစ်၏၊ ကောင်းကင်၌ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၏ ခြေရာဟူသောလမ်းကြောင်းကို မသိနိုင်။ ၉၄။ ရထားထိန်း ကောင်းစွာဆုံးမပြီးသောမြင်းတို့သည် ငြိမ်သက်တည်ကြည်ကုန်သကဲ့သို့ အကြင် ရဟန္တာပုဂ္ဂိုလ်၏ ဣနြေ္ဒ(ခြောက်ပါး)တို့သည် ငြိမ်သက် တည်ကြည်ခြင်းသို့ ရောက်ကုန်၏၊ မာနကိုပယ်ပြီးသော အာသဝေါမရှိသော တာဒိဂုဏ်နှင့်ပြည့်စုံသော ထိုရဟန္တာပုဂ္ဂိုလ်အား နတ်တို့သည်လည်း ချစ်မြတ်နိုးကုန်၏။ ၉၅။ တာဒိဂုဏ်နှင့်ပြည့်စုံသော ကောင်းသောအကျင့်ရှိသော ရဟန္တာပုဂ္ဂိုလ်သည် မြေကြီးကဲ့သို့ လည်းကောင်း၊ တံခါးတိုင်ကဲ့သို့ လည်းကောင်း (သည်းခံသောစိတ်ရှိသည်ဖြစ်၍) အမျက်ဒေါသဖြင့် ဆန့်ကျင်မှုမပြု၊ ရွှံ့ညွန်ကင်း သောရေအိုင်ကဲ့သို့ တာဒိဂုဏ်ရှင် ရဟန္တာသခင်အား ကျင်လည်ခြင်းတို့သည် မဖြစ်ကုန်။ ၉၆။ အကြောင်းအားလျော်စွာ တရားကိုသိ၍ ကိလေသာမှလွတ်သော ငြိမ်သက်သော ဖောက်ပြန် ခြင်းသဘောမရှိသော ထိုရဟန္တာပုဂ္ဂိုလ်၏ စိတ်သည်လည်းငြိမ်သက်၏၊ နှုတ်အမူအရာသည် လည်းကောင်း၊ ကိုယ်အမူအရာသည် လည်းကောင်း ငြိမ်သက်၏။ ၉၇။ အကြင်သူသည် သူပြောစကားဖြင့်သာ ယုံကြည်သူမဟုတ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိသူလည်းဖြစ်၏၊ ၀ဋ်သုံးပါး ၏အစပ်ကို ဖြတ်တောက်ပြီးသူလည်းဖြစ်၏၊ ကုသိုလ်အကုသိုလ်၏ အကျိုးပေးခွင့်ကို သတ်ဖြတ်ပြီးသူလည်း ဖြစ်၏၊ အလုံးစုံသောတဏှာကို ထွေးအန်ပြီးသူလည်း ဖြစ်၏၊ ထိုသူသည်သာ စင်စစ် ယောက်ျားမြတ်ဖြစ်၏။ ၉၈။ ရွာ၌ဖြစ်စေ၊ တော၌ဖြစ်စေ၊ နိမ့်ရာ၌ဖြစ်စေ၊ ကုန်းမြင့်၌ဖြစ်စေ ရဟန္တာပုဂ္ဂိုလ်တို့သည် နေကုန်၏၊ ထိုပုဂ္ဂိုလ်တို့နေရာ မြေအရပ်သည် မွေ့လျော်ဖွယ်ရှိ၏။ ၉၉။ တောတို့သည် မွေ့လျော်ဖွယ် ရှိကုန်၏၊ ယင်းတောတို့၌ ကာမရှာမှီးသူ လူအပေါင်းသည်ကား မမွေ့လျော်နိုင်၊ ရာဂကင်းသောပုဂ္ဂိုလ်တို့သည်သာ မွေ့လျော်ကုန်လတ္တံ့၊ ထိုရာဂကင်းသော ပုဂ္ဂိုလ်တို့သည် ကာမကို မရှာမှီးကြကုန်။ တာဒိဂုဏ်= တာဒိဂုဏ်ဟူသည် လောကဓံရှစ်ပါးနှင့် တွေ့ကြုံသောအခါ ဖောက်ပြန်တုန်လှုပ်မှု မရှိခြင်းပေတည်း။
›
၆။ ပဏ္ဍိတ၀ဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၇၆။ အပြစ်ဖော်ပြ နှိမ်ချဆုံးမလေ့ရှိသော ထိုသို့သဘောရှိသော ပညာရှိကို မြှုပ်ထားသောရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ်ရှုကြည့်၍ ဆည်းကပ်ရာ၏၊ ထိုသို့ သဘောရှိသော ပညာရှိကို ဆည်းကပ် သောသူအားမြတ်၏၊ မယုတ်ညံ့ပေ။ ၇၇။ ဆုံးမရာ၏၊ ကြိုတင်ဆုံးမရာ၏၊ မကောင်းသော အပြုအမူတို့မှလည်း တားမြစ်ရာ၏၊ ထိုသူကို သူတော်ကောင်းတို့ ချစ်ခင်နှစ်သက်အပ်၏၊ မသူတော်တို့ကား မချစ်မနှစ်သက်ပေ။ ၇၈။ ယုတ်မာသော မိတ်ဆွေတို့ကို မဆည်းကပ်ရာ၊ ယုတ်မာသော ပုဂ္ဂိုလ်တို့ကို မဆည်းကပ်ရာ၊ မိတ်ဆွေ ကောင်းတို့ကို ဆည်းကပ်ရာ၏၊ ပုဂ္ဂိုလ်မြတ်တို့ကို ဆည်းကပ်ရာ၏။ ၇၉။ တရားတည်းဟူသော အမြိုက်ရေကို သောက်ရသူသည် အထူးသန့်ရှင်း ကြည်လင်သောစိတ်ဖြင့် ချမ်းသာစွာနေရ၏၊ ပညာရှိသည် အခါခပ်သိမ်း အရိယာသူတော်ကောင်းတို့ ဟောအပ်သော (ဗောဓိပက္ခိယ)တရား၌ မွေ့လျော်၏။ ၈၀။ မြောင်းတူး ရေယူသမားတို့သည် (အလိုရှိရာသို့) ရေကိုဆောင်ယူကုန်၏၊ လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏၊ သစ်ရွေသမားတို့သည် (လိုတိုင်းရအောင်)သစ်ကို ရွေကုန်၏၊ ပညာရှိတို့သည် မိမိကိုယ်ကို (ယဉ်ကျေးအောင်) ဆုံးမကုန်၏။ ၈၁။ တစ်ခဲနက်ဖြစ်သော ကျောက်တောင်သည် (အရပ်လေးမျက်နှာမှ) လာသောလေကြောင့် မတုန်လှုပ်သကဲ့သို့ ပညာရှိတို့သည် ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့ကြောင့် မတုန်လှုပ်ကုန်။ ၈၂။ နက်လှစွာသော သမုဒ္ဒရာသည် နောက်ကျုခြင်းမရှိ အထူးကြည်လင်ဘိသကဲ့သို့ ပညာရှိတို့သည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတို့ကို ကြားနာရ၍ အထူးကြည်လင်ကုန်၏။ ၈၃။ သူတော်ကောင်းတို့သည် (ခန္ဓာငါးပါးစသော) သဘောတရား အားလုံးတို့၌ (တက်မက်မောမှုကို) စင်စစ် စွန့်လွတ်ကုန်၏၊ သူတော်ကောင်းတို့သည် ကာမတို့ကို အလိုရှိကုန်သည် ဖြစ်၍ မပြောဆိုကုန်၊ ပညာရှိတို့သည် ချမ်းသာဆင်းရဲနှင့် တွေ့စေကာမူ ၀မ်းမြောက်ခြင်း နှလုံးမသာခြင်း သဘောကို မဖော်ပြကြကုန်။ ၈၄။ ပညာရှိမည်သည် မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ (မကောင်းမှုကိုမပြု)မကောင်းမှုဖြင့် သားသမီး ဥစ္စာတိုင်းပြည်ကို အလိုမရှိရာ၊ မတရားမှုဖြင့် မိမိ၏ ပြည့်စုံမှုကို အလိုမရှိရာ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် သီလရှိသူ ပညာရှိသူ တရားရှိသူ ဖြစ်၏။ ၈၅။ လူအပေါင်းတို့တွင် ထိုမှာဖက်စွန်း နိဗ္ဗာန်ကျွန်းသို့ ကူးမြောက်သော လူတို့သည် နည်းပါးကုန်၏၊ နိဗ္ဗာန် ကူးမြောက်သူမှတစ်ပါး ကြွင်းလူများသည် (သက္ကာယဒိဋ္ဌိတည်းဟူသော)ဤမှာဖက်ကမ်း၌သာလျှင် ခေါက်တုံ့ခေါက်ပြန် ပြေးသွားနေ၏။ ၈၆။ ကောင်းစွာဟောအပ်သောတရားတို့ကို တရားအားလျော်စွာ ကျင့်ကြံကုန်သောသူတို့သည် ကူး မြောက်နိုင်ခဲသော သေမင်းနေရာ သံသရာကို(ကူးမြောက်၍) နိဗ္ဗာန်တည်းဟူသောကမ်းတစ်ဖက်သို့ ရောက်ကုန် လတ္တံ့။ ၈၇။ ပညာရှိသည် မည်းညစ်သော (အကုသိုလ်) တရားကို ပယ်စွန့်၍ တဏှာတည်းဟူသော တည်ရာမှ (ထွက်ကာ) တဏှာကင်းရာနိဗ္ဗာန်ကို အာရုံပြုလျက် ဖြူစင်သောကုသိုလ်ကို ပွားများရာ၏။ ၈၈။ ပညာရှိသည် ကာမတို့ကိုစွန့်၍ စိုးရိမ်ခြင်းမရှိဘဲ မွေ့လျော်နိုင်ခဲသော ၀ိဝေကသုံးပါး၌ အလွန်မွေ့လျော်ခြင်းကို အလိုရှိရာ၏၊ စိတ်ညစ်ညူးကြောင်း နီဝရဏတို့မှ မိမိကိုယ်ကို ဖြူစင်စေရာ၏။ ၈၉။ အကြင်ပုဂ္ဂိုလ်တို့သည် ဗောဇ္ဈင်တရားတို့၌စိတ်ကို ကောင်းစွာပွားများအပ်၏၊ မစွဲလမ်းမူ၍ ဥပါဒါန်ကို စွန့်လွတ်ရာ (နိဗ္ဗာန်)၌မွေ့လျော်ကုန်၏၊ လောက၌ အာသဝေါကုန်ပြီးသော တန်ခိုးကြီးကုန်သော ထိုပုဂ္ဂိုလ်တို့သည် (နိဗ္ဗာန်ဓာတ်ဖြင့်) ငြိမ်းကုန်၏။
›
‹
›
Página Principal
Ver la versión web
Acerca de mí
လေ့လာမှတ်သား မြတ်တရား
Ver mi perfil completo
Con tecnología de Blogger.
No comments:
Post a Comment