လ့လာမှတ်သား မြတ်တရား
sábado, 18 de octubre de 2014
၈။ သဟဿဝဂ္ဂ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၀၀။ တောဖွဲ့တောင်ဖွဲ့ အကျိုးမဲ့ပုဒ်နှင့်သာဆိုင်သော စကားသည် အခွန်းတစ်ထောင်ရှိစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်၍ အကျိုးရှိသော တကြောင်း တစ်ပုဒ် တဂါထာသည်သာ ပိုလွန်၍ မြတ်၏။ ၁၀၁။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာသည်တစ်ထောင်ပင် ဖြစ်စေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော ဂါထာ တစ်ဂါထာသည်သာ ပိုလွန်၍မြတ်၏။ ၁၀၂။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာတစ်ရာကို ရွတ်ဆိုစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော တရားတစ်ပုဒ်ကို ရွတ်ဆိုခြင်းသည်သာ ပိုလွန်၍မြတ်၏။ ၁၀၃။ အကြင် စစ်သူရဲတစ်ယောက် စစ်မြေပြင်၌ စစ်သည် ဗိုလ်ပါတို့ကို အကြိမ်တစ်သန်း အောင်နိုင်ရာ၏၊ အကြင်သူရဲကောင်းတစ်ယောက်သည်ကား ကိုယ်တွင်းကိလေသာကို တစ်ကြိမ် တစ်ခါမျှ အောင်နိုင်ရာ၏၊ ကိုယ်တွင်း ကိလေသာကို တစ်ကြိမ်အောင်နိုင်သော ထိုသူသည်သာ စစ်အောင်သူတို့တွင် အမြတ်ဆုံးဖြစ်၏။ ၁၀၄-၁၀၅။ ကိုယ်တွင်းကိလေသာတို့ကိုနိုင်ခြင်းဖြင့် မိမိကိုယ်ကို အောင်နိုင်ခြင်းသည်မြတ်၏၊ လောင်းတန်းကစားခြင်း စစ်တိုက်ခြင်းစသည်ဖြင့် သူတစ်ပါးကို အောင်နိုင်ခြင်းသည်မမြတ်၊ မိမိကိုယ်ကို ဆုံးမပြီးသော၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံးကို အမြဲစောင့်စည်းလေ့ရှိသော၊ ထိုသို့ သဘောရှိသော၊ သတ္တ၀ါ တို့၏အောင်ခြင်းကို နတ်သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သည် လည်းကောင်း၊ ဗြဟ္မာနှင့် တကွသော မာရ်နတ်သည်လည်းကောင်း ရှုံးအောင်မပြုနိုင်ရာ။ ၁၀၆။ အနှစ်တစ်ရာပတ်လုံး လတိုင်းလတိုင်း(တက္ကတွန်းတို့အား)ငွေတစ်ထောင်အကုန်ခံ၍ ပူဇော်ရာ၏၊ ၀ိပဿနာ ပွားသောစိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခဏမျှ ပူဇော်ရာ၏၊ ထိုပူဇော်ခြင်းနှစ်မျိုးတို့တွင် ၀ိပဿနာ ပွားများသောရဟန်းတို့အား တစ်ခဏမျှ ပူဇော်ခြင်းသည်သာ မြတ်၏၊ တက္ကတွန်းတို့အား အနှစ်တစ်ရာပတ်လုံး ပူဇော်ခြင်းသည် မမြတ်။ ၁၀၇။ အကြင်သူသည် အနှစ်တစ်ရာပတ်လုံး တော၌မီးကို လုပ်ကျွေးပူဇော်ရာ၏၊ အကြင်သူသည်ကား ၀ိပဿ နာပွားများသောစိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခါမျှ ပူဇော်ရာ၏၊ ထိုသူတို့၏ ပူဇော်ခြင်း နှစ်မျိုးတို့တွင် ထိုဝိ ပဿနာပွားများသော ရဟန်းတို့အား တစ်ခဏမျှ ပူဇော်ခြင်းသည်သာမြတ်၏၊ အနှစ်တစ်ရာပတ်လုံး ပူဇော်ခြင်းသည် မမြတ်။ ၁၀၈။ လောက၌ကောင်းမှုကို လိုလားငဲ့ကွက်သောသူသည် ယဇ်ကြီးပူဇော်ခြင်းကိုလည်းကောင်း၊ ယဇ်ငယ်ပူဇော်ခြင်းကိုလည်းကောင်း တစ်နှစ်ပတ်လုံး ပူဇော်ရာ၏၊ ထိုပူဇော်ခြင်း အလုံးစုံသည် ဖြောင့်မတ်စွာကျင့်သော အရိယာပုဂ္ဂိုလ်တို့ကို ရှိခိုးခြင်းစေတနာ၏ လေးဖို့တစ်ဖို့ကိုမျှ မမှီ၊ အရိယာ ပုဂ္ဂိုလ်တို့၌ ရှိခိုးခြင်း စေတနာသည်သာ မြတ်၏။ ၁၀၉။ အမြဲရှိခိုးလေ့ရှိ၍ မိမိထက် ဂုဏ်အသက်သိက္ခာအားဖြင့် ကြီးသောသူတို့၌ အရိုအသေ ပြုလေ့ရှိသူအား အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာခြင်း ခွန်အားကြီးခြင်းဟူသော ဤ အကျိုးထူးတရား လေးပါးတို့သည် တိုးပွားကုန်၏။ ၁၁၀။ သီလမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ၀ိပဿနာကို ရှုနေသောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ၁၁၁။ ပညာမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် တရားပညာရှိ၍ သမထ ၀ိပ ဿနာကို ရှုသောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည် မြတ်၏။ ၁၁၂။ ပျင်းရိသည်ဖြစ်၍ ၀ီရိယမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် ၀ီရိယကို မြဲမြံစွာ အားထုတ်သောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ၁၁၃။ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို မပြတ်ရှုမြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ၁၁၄။ သေခြင်းကင်းသောနိဗ္ဗာန်ကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သေခြင်း ကင်းသောနိဗ္ဗာန်ကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ၁၁၅။ မြတ်သောလောကုတ္တရာတရားကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက်မြတ်သော လောကုတ္တရာတရားကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည်မြတ်၏
Sunday, January 8, 2017
တရားမှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment